ဇူလိုင်လ (၁၈)ရက်။
ကရင်အမျိုးသားနယ်မြေတွေကို လာရောက်လုယူနေတဲ့အပေါ် ဒီအတိုင်း ရပ်ကြည့်မနေတော့ဘူးလို့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက (၇၇)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ဒီနေ့ကစပြီး ရှေ့အနာဂတ်မှာ အမြန်ဆုံးရှင်းလင်းရမယ်ဆိုတာ KNDO တပ်ဖွဲ့၀င်တွေကို တိုက်တွန်းချင်ပါတယ်။ ပြည်သူလူထုကိုလဲ ကတိပေးတယ်။ တာ၀န်တွေကို အနိုင်ရရှိတဲ့အထိ ကျေပွန်အောင် ထမ်းဆောင်ကြမယ်” လို့ သူက ဆိုပါတယ်။
KNDO တပ်ဖွဲ့၀င်တွေအနေနဲ့ တိုင်းပြည်၊ အဖွဲ့အစည်းရဲ့ အလံတော်အောက်မှာ ကတိသစ္စာပြုထားတဲ့ တပ်ဖြစ်တာကြောင့် ကရင်အမျိုးသားတွေကို ဖိနှိပ်ခံရတာကနေ လွတ်မြောက်ဖို့နဲ့ လာရောက်ဖျက်ဆီးခံရတဲ့ရန်ကနေ ကာကွယ်ဖို့အတွက် တာ၀န်တွေကို တိတိကျကျလုက်ဖို့ တိုက်တွန်းထားပါတယ်။
ဒီကနေ့အချိန်အထိ ခိုင်မာစွာရက်တည်နေပြီး ရန်သူကို တော်လှန်တိုက်ခိုက်နေတဲ့ KNDO ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့တွေကို လေးစားဂုဏ်ပြုတယ်လို့ စစ်ဦးစီးချုပ်က KNDO နေ့မှာ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ငါတို့ ကြောက်နေမယ်ဆိုရင် ရန်သူအနိုင်ရလိမ့်မယ်၊ မကြောက်ဘဲ ရဲရင့်မယ်ဆိုရင် ရန်သူက ကြောက်လိမ့်မယ်။ အဲ့တာကြောင့် နောက်မဆုတ်နဲ့၊ မကြောက်နဲ့၊ သေရမှာမကြောက်နဲ့၊ ဂုဏ်ရှိတဲ့သေခြင်းနဲ့ အလဟသ သေခြင်း ဘယ်တခုကိုရွေးမလဲဆိုတာ ဆုံးဖြတ်ရမယ်” လို့ သူက ထပ်မံပြောပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)ကို ၁၉၄၇ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့ ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်းခဲ့ကာ အင်းစိန်နဲ့ ရန်ကုန်တို့မှာသာမဟုတ်ဘဲ ဒေသအသီးသီးမှာ တာ၀န်ခံတွေနဲ့ ဖွဲ့စည်းခဲ့ပြီး ၁၉၄၉ခုနှစ် ဇတ်နဝါရီလ (၃၁)ရက်နေ့ကနေ အခုအချိန်အထိ တိုက်ပွဲ၀င်နေတာလို့ သိရပါတယ်။