ဇူလိုင်လ (၂၂)ရက်။
ဒီကနေ့ နံနက်အစောပိုင်းကစပြီး ကျောက်မဲမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ရှမ်းတောင်ကနေ စစ်ကူလာတဲ့ စကစစစ်ကြောင်းက မြို့ထဲကို ထိုးဖောက်၀င်ရောက်လာပြီး ထိုးစစ်ဆင်လာတဲ့ TNLA တပ်ကို ပစ်နေတာ၊ နှစ်ဖက်ထိခိုက်တာတွေများတယ်” လို့ သူက ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ ကျောက်မဲမြို့ရှိ ကားကြီးကွင်းအပါအ၀င် အထက(၁)ကျောင်းနဲ့ ရန်ကင်းတောင်တို့မှာ အဓိကဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက်တွေများနေတယ်လို့ သိရပါတယ်။
“ စစ်ကူလာတဲ့ စကစစစ်ကြောင်းဟာ မြို့ထဲ ထိုးဖောက်ဝင်ရောက်လာပြီး ရပ်ကွက်ထဲက လူနေအိမ်တွေမှာ ဝင်ရောက်ပုန်းခိုနေသလို၊ မြေအောက်ခန်းရှိတဲ့ နေအိမ်တွေမှာလဲ ပုန်းနေပြီး ထိုးစစ်လုပ်လာတဲ့ တအာင်းတပ်ကို ပစ်နေတာပါ။ ဒါကြောင့် တိုက်ပွဲဟာ နှစ်ဖက် အထိအခိုက်များတာ” လို့ ဆက်ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေက ရပ်ကွက်တွေမှာ ထွက်ပြေးတိမ်းရှောင်တာမပြုလုပ်တဲ့ ဒေသခံတွေ ပိတ်မိနေတာတွေရှိပြီး အန္တရာယ်များတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲထဲ အထိနာပါက စစ်ကောင်စီဟာ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ မြေအောက်ခန်းနဲ့ အကာအကွယ်ရှိပြီး လုံခြုံတဲ့နေရာမှာသာနေကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး ကျောက်မဲမြို့ပေါ်ကို တအာင်းတပ်မတော်(TNLA)က ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့အနီး၀န်းကျင်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဝိုင်း၀န်းပိတ်ဆို့ထားတာလို့ သိရပါတယ်။