ဇူလိုင်လ (၃၁)ရက်။
ဇူလိုင်လ (၂၉)ရက်နဲ့ (၃၁)ရက်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီကနေ့ ဇူလိုင်လ (၃၁)ရက်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် လားရှိုးမြို့ရှိ ရပ်ကွက်(၉)က ကုန်စုံဆိုင်တဆိုင် မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ထဲရှိ ကုန်စုံဆိုင်တဆိုင် မီးလောင်ပြာကျခဲ့ကာ လူထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုထားပေမယ့် TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာမရှိပါဘူး။
ဇူလိုင်လ (၂၉)ရက်နေ့ကလဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် မြို့ထဲရှိ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၃)ဦး ထိမှန်သေဆုံးခဲ့ကာ ဆိုင်ခန်းနဲ့ နေအိမ် (၁၅)လုံး ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲ (၃၆)ရက်တာကာလထဲ စစ်ကောင်စီက အရပ်သားတွေနေရာကို ပစ်ခတ်တိုက်ခိုက်တာတို့ကြောင့် အရပ်သား (၁၃၃)ဦးထိ သေဆုံးခဲ့ကာ (၁၇၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် အဲ့ဒီတိုက်ပွဲကာလထဲ စာသင်ကျောင်းနဲ့ နေအိမ် (၁၀၅)လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။