ဩဂုတ်လ (၃)ရက်။
ပြည်သူလူထုနဲ့ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုအားလုံး အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအနေနဲ့ ရုန်းထပါ၀င်စေဖို့ လိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဒီကနေ့ ပြည်သူသို့သတင်းစကားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ စစ်ကောင်စီရဲ့ ယိုယွင်းပြိုလဲတာကို အခုချိန်မှာ မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုအားလုံးဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်ပြိုလဲချိန်ထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။
အခုအခါ ရှမ်းမြောက်ဒေသရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာလဲ မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ မြို့သိမ်းတိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်နေပြီး စစ်ကောင်စီဘက်က စစ်ရေးအထိနာနေပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း စဉ့်ကူးမြို့ကိုလဲ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး မတ္တရာမြို့နယ်မှာလဲ စစ်ကောင်စီစခန်း (၃၅)ခုအထိ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေဟာ မန္တလေးမြို့ကို ဆင်းလာနေပြီဖြစ်တဲ့အတွက် စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဉ်းစားလုပ်ဆောင်စရာတွေ ပိုများလာတဲ့ကာလဖြစ်တယ်လို့ NUG ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။