ဩဂုတ်လ (၆)ရက်။
လားရှိုးမြို့တိုက်ပွဲစတင်ချိန် ထွက်ပြေးခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီရဲ့ ဒုခရိုင်ရဲမှူး ဦးလှမျိုးကို MNDAA က ဆေးကုသပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လားရှိုးမြို့က ဒုခရိုင်ရဲမှူး ဦးလှမျိုးဟာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန် စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေးကင်းလှည့်တာတို့ကို တာ၀န်ယူခဲ့ပြီး တိုက်ပွဲပြင်းထန်လာချိန်မှာ ထွက်ပြေးဖို့ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုထွက်ပြေးတဲ့အချိန် ဦးလှမျိုးဟာ ရပ်ကွက်(၁)ကျောင်းဘေးမှာ အမြောက်ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ သွားရောက်ကုသခဲ့ကာ ရမခ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက စွန့်ပစ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ ကာလအတန်ကြာ ဆေးကုသခဲ့ပြီးတဲ့နောက် ဦးလှမျိုးရဲ့ ကျန်းမာရေးအခြေအနေဟာ တဖြည်းဖြည်းကောင်းမွန်လာပြီး ဆေးကုသတဲ့ကာလထဲ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
မဟာမိတ်တပ်တွေအနေနဲ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးချိန် အောက်ခြေ အရာရှိ၊ စစ်သည်တွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို ဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းကာ အနောက်တန်းဆေးရုံကို ကုသဖို့ စီစဉ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဆေးကုသတဲ့ကာလထဲ အာဏာသိမ်းတပ် အရာရှိတွေနဲ့ စစ်သည်တွေကို တန်းတူညီမျှဆက်ဆံပြီး စစ်ကောင်စီတပ်ဖွဲ့၀င်အချို့ကို သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။