ဩဂုတ်လ (၂၆)ရက်။
တအာင်းပြည်ကျန်းမာရေးကောင်စီရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အောင်မြင်စေဖို့အတွက် CDM ကျန်းမာရေး၀န်ထမ်းတွေ ပူးပေါင်းပါ၀င်ဖို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တအာင်းပြည်ထဲက တော်လှန်ရေးထဲ ပါ၀င်ထမ်းဆောင်နေတဲ့ Medical Family Manday(MFM)က ကျန်းမာရေးမိသားစု၀င်တွေ၊ CDM ကျန်းမာရေးပညာရှင်တွေ၊ ဒေသခံ ကျန်းမာရေးပညာရှင်တွေကို ဖိတ်ကြားပြီး ဩဂုတ်လ (၂၀)ရက်နေ့က TNLA ဌာနချုပ်မှာ ကျန်းမာရေးဆိုင်ရာ စုံညီအစည်းအဝေးကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအစည်းအဝေးမှာ TNLA က တာ၀န်ယူအုပ်ချုပ်နေတဲ့ မြို့နယ်အသီးသီးက ပြည်သူလူထုတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့အတွက် ဆွေးနွေးတိုင်ပင်ကာ တအာင်းပြည်ကျန်းမာရေးကောင်စီကို (၁၅)ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးကောင်စီရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့အတွက် ကောင်စီနဲ့အတူ သက်ဆိုင်ရာဌာနတွေကို ဖွဲ့စည်းခဲ့ပြီး ဌာနမှူးတွေ၊ တွဲဖက်ဌာနမှူးတွေနဲ့ ရုံးအဖွဲ့တွေကို တာ၀န်ခွဲဝေပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ကျန်းမာရေးကောင်စီအနေနဲ့ တအာင်းပြည်ထဲက တိုင်းရင်းသားလူမျိုးပေါင်းစုံတို့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်တာနဲ့အတူ ကုသမှုလုပ်ငန်းတွေနဲ့ ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတစ်ဝှမ်းရှိ CDM ကျန်းမာရေး၀န်ထမ်းတွေ၊ ပြင်ပကျန်းမာရေးပညာရှင်တွေ၊ သူနာပြုနဲ့ သားဖွားဆရာမတွေ၊ ဓါတ်ခွဲဓါတ်မှန်ပညာရှင်တွေ စတဲ့ ကျန်းမာရေးပညာရှင်တွေ လာရောက်ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။