ဩဂုတ်လ (၃၀)ရက်။
ဩဂုတ်လ (၂၈)ရက်နေ့ မောင်တောမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်က ဓါတုအဆိပ်ငွေ့တွေပါတဲ့ ဗုံးတွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ မောင်တောမြို့ပြင်မှာ တစ်ခုထဲကျန်ရှိတဲ့ သူတို့ရဲ့ နခခ(၅)စခန်းထဲကို ဆုတ်ခွာသွားပြီး အဲ့ဒီစခန်းကနေ လက်နက်ကြီးတွေအပါအ၀င် ဓါတုအဆိပ်ငွေ့ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ မောင်တောမြို့ထဲကနေ ဆုတ်ခွာတဲ့အချိန် သူတို့စခန်းချပြီး ခုခံစစ်ဆင်နွှဲခဲ့တဲ့ တိုက်တာအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ (၂၇/၂၈/၂၉)ရက်နေ့ကလဲ ထပ်မံသိမ်းပိုက်ရရှိထားတဲ့ မောင်တောမြို့ရဲ့ နေရာအနှံ့အပြားကနေ စစ်ကောင်စီနဲ့ မူဆလင်တပ်ဖွဲ့၀င်တွေရဲ့ အလောင်းတွေအပါအ၀င် သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မောင်တောမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီနဲ့ မူဆလင်လက်နက်ကိုင်တွေက လူသားဒိုင်းကာအနေနဲ့ဖမ်းဆီးထားတဲ့ ပြည်သူ (၂၆၀၀၀)နီးပါးကို တိုက်ပွဲထဲကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့လဲ AA က ပြောဆိုထားပါတယ်။
နောက်ပြီး မောင်တောမြို့ထဲက စစ်ကောင်စီရဲ့ ခံစစ်နေရာအများစုကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သလို စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာနဲ့ အစုလိုက်ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို AA က လိုက်လံတိုက်ခိုက်နေပြီး မြို့ထဲနေရာအချို့မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။
သံတွဲမြို့ရှိ မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့ရှိ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာနားမှာ တိုက်ပွဲပြင်းထန်နေပြီး ရေတပ်မကျစေဖို့ စစ်ကောင်စီက စစ်ကူတွေ၊ လက်နက်အင်အားတွေနဲ့ စစ်သင်္ဘောတွေ ထပ်ဖြည့်ပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အသည်းအသန် ခုခံနေတယ်လို့ သိရပါတယ်။