ဩဂုတ်လ (၃၀)ရက်။
KIA သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့ရှိ ခမရ(၄၃၇)တပ်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်တွေအရ သိရပါတယ်။
မိုးမောက်မြို့ပြင်ရှိ ခမရ(၄၃၇)တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၁၉)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးပြီး ပြန်လည်တိုက်ခိုက်ခဲ့တာပါ။
ခမရ(၄၃၇)တပ်စခန်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်တာတွေကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီကနေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ဆိုကာ ပြောဆိုလာကြပါတယ်။
စစ်ကောင်စီတပ်ဟာ ခမရ(၄၃၇)တပ်စခန်းကို ပြန်လည်ရရှိဖို့ ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့တာနဲ့ပတ်သက်ပြီး KIA ဘက်က ပြောဆိုလာတာမရှိသေးပါဘူး။
ခမရ(၄၃၇)တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်က လက်နက်ခဲယမ်း အမြောက်အများအပါအ၀င် တင့်ကားတစ်စီးကိုလဲ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်က (၄၀၀)ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။