စက်တင်ဘာလ (၁၉)ရက်။
မနေ့က ည (၈)နာရီအချိန်မှာ အုတ်တွင်းမြို့၊ ၀က်ဖြူကုန်းရွာရှိ ရွှေဖြူရတနာကျောင်းတိုက် ရေဘေးရှောင်စခန်းက လူ (၂၀၀)ခန့် အစာအဆိပ်သင့်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။
“ ၀က်ဖြူကုန်း ရွှေဖြူရတနာကျောင်းမှာ ရေဘေးခိုလှုံနေတဲ့သူတွေ အလှူရှင်တွေ လှူဒါန်းတာကို စားပြီး ည (၈)နာရီလောက်မှာ (၂၀၀)နီးပါးလောက် အော့အန်တာတွေ မူးလဲတာတွေဖြစ်တာ။ အဲ့ဒါကြောင့် အရေးပေါ်ဆေးရုံ ပို့ခဲ့ရတယ်” လို့ ကူညီရေးအဖွဲ့တစ်ခုက ဆိုပါတယ်။
ရွှေဖြူရတနာကျောင်းတိုက်မှာ ရေဘေးကြောင့် လာရောက်ခိုလှုံနေတဲ့ ဒေသခံတွေနဲ့ ၀က်ဖြူကုန်းရွာနေသူတွေဟာ အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့ ဘဲဥချဉ်ဟင်း၊ ငပိကြော်ထမင်းထုပ်တွေနဲ့ ကြာဇံကြော်တို့ကို စားခဲ့ကြတာပါ။
အဲ့ဒီလိုစားသုံးခဲ့ပြီးနောက် ကလေးငယ်အများစုပါ၀င်တဲ့ လူ (၄၀)ခန့်ဟာ အော့အန်ပြီး မူးဝေလဲကျခဲ့သလို လူ (၁၅၀)ခန့်ဟာ အော့အန်တာတွေဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အစာအဆိပ်သင့်တဲ့ လူနာတွေကို အရေးပေါ်လူနာတင်ကားတွေနဲ့ တောင်ငူဆေးရုံအပါအ၀င် မဆရ(၃)ဆေးရုံတို့ကို ပို့ဆောင်ပြီး အတွင်းလူနာနဲ့ အပြင်လူနာတွေအနေနဲ့ ဆေးကုသတာတွေ ခံယူနေကြရပါတယ်။
ဒါ့အပြင် အုတ်တွင်းဆေးရုံအုပ်ကြီးနဲ့ ကျန်းမာရေး၀န်ထမ်းတွေက လူနာစာရင်းယူတာအပြင် လှူဒါန်းထားတဲ့ ထမင်းဗူး၊ ကြာဇံကြော်ဗူးနဲ့ ဘုန်းကြီးကျောင်းရှိ ရေသန့်စက်က ရေတို့ကို ဓါတ်ခွဲနမူနာယူပြီး စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာထံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။