စက်တင်ဘာလ (၂၆)ရက်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းတာကို ပြည်သူတရပ်လုံးက အတူတကွ ဆန့်ကျင်ကြဖို့ ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့တွေက ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းဟာ ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာဖြစ်သလို စစ်မှုထမ်းတဲ့ လူငယ်အရေအတွက်တွေ၊ CDM ပါ၀င်သူတွေရဲ့ အခြေအနေတွေ၊ သပိတ်ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အချက်အလက်တွေကို ရှာဖွေဖော်ထုတ်ဖို့ ကြံစည်တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းတာဟာ မြို့ပြတော်လှန်ရေးအင်အားစုတွေအပါအ၀င် ပြည်သူ တစ်ဦးတစ်ယောက်တိုင်းအတွက် အန္တရာယ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းတဲ့အပေါ် ပါ၀င်သူတွေကို ဖိအားပေး၊ ဖယ်ကျဉ်တာနဲ့ လူမှုရေးပြစ်ဒဏ်ခတ်တာအပြင် အချက်အလက် လွဲမှားဖြေဆိုတာနဲ့ ပြည်သူအချင်းချင်းနဲ့ တော်လှန်ရေးအင်အားစုတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။
စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါ၀င်မယ့် အုပ်ချုပ်ရေးအဖွဲ့၀င်တွေ၊ လ၀ကနဲ့ ဌာနဆိုင်ရာ၀န်ထမ်းတွေအနေနဲ့ ပြည်သူရဲ့ဒေါသကို မလွဲဧကန် ရင်ဆိုင်ကြုံတွေ့ရမယ်လို့လဲ သတိပေးထားပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ ဖိအားတွေကြောင့် မလွှဲရှောင်သာ ပါ၀င်ရတဲ့ ၀န်ထမ်းတွေအနေနဲ့ သန်းခေါင်စာရင်းလုပ်ငန်းတွေ နှောင့်နှေးစေဖို့နဲ့ အချက်အလက်တွေ မှားယွင်းစေဖို့ နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ပြီး ပြည်သူဘက် ရပ်တည်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
ပြိုလဲပျက်စီးကျရှုံးလာတဲ့ စစ်ကောင်စီက စစ်မှုထမ်း၊ သန်းခေါင်စာရင်း၊ ဟန်ပြရွေးကောက်ပွဲ စတာတို့နဲ့ အသက်ဆက်ဖို့ ကြိုးပမ်းနေတာကို စုပေါင်းအင်အားနဲ့ အတူတကွ ဆန့်ကျင်ဖြိုဖျက်ဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။