စက်တင်ဘာလ (၂၈)ရက်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ (၂၈၂)ကြိမ်အထိရှိခဲ့ပြီး အရပ်သား (၇၂၈)ဦးသေဆုံးပြီး (၆၄၂)ဦး ဒဏ်ရာရခဲ့တယ်လို့ HRDT-NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကစပြီး စက်တင်ဘာလ (၁၅)ရက်အထိ ပြည်သူတွေအပေါ် နေ့တိုင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျူးလွန်နေကာ ပြည်သူ (၄၈၀၀)ကျော် မတရား သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အဆိုးရွားဆုံး ကျူးလွန်တာတွေဟာ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဖြသ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူတွေရဲ့ နေအိမ် စုစုပေါင်း (၇၃၀၀၀)ကျော် ပျက်စီးခဲ့ကာ မီးရှို့ဖျက်ဆီးတဲ့အကြိမ်အရေအတွက် (၁၈၁၀)ကြိမ် ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ရာဇ၀တ်မှုတစ်ခုဖြစ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ အကြိမ်ရေ (၈၀၄)ကြိမ်ရှိခဲ့ကာ အပြစ်မဲ့ပြည်သူ (၇၀၀)ခန့် သေဆုံးခဲ့ပြီး (၁၈၀၀)နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်တာတွေကို ဥပဒေနဲ့ ချိတ်ပိတ်သိမ်းယူတာတွေကြောင့် ပြည်သူ (၈၃၃)ဦးရဲ့ ပိုင်ဆိုင်တာတွေ ချိတ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးတာ စုစုပေါင်း (၁၀၁၄)ခုရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။