အောက်တိုဘာလ (၂၁)ရက်။
ဒီကနေ့ အောက်တိုဘာလ (၂၁)ရက် နောက်ဆုံးထားပြီး ဧရာဝတီတိုင်း ရေကြည်မြို့နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ အခု (၃)ရက်အတွင်း ရေကြည်မြို့နဲ့ ရခိုင် ဂွမြို့ထိစပ်နေတဲ့ ကျေးရွာတွေကို အကြမ်းဖက်စခတွေက သတ်မှတ်ရက်ထဲ ပြောင်းရွှေ့ဖို့ဆိုပြီး ပြောနေတာ။ သူတို့လေကြောင်းကနေတိုက်ဖို့ဆိုပြီး ပြောင်းခိုင်းနေတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အောက်တိုဘာလ (၁၉)ရက်နေ့ကစပြီး ဒီကနေ့အထိ နောက်ဆုံးထားကာ စောပြာကျေးရွာနဲ့ စိမ့်ကြီးကျေးရွာရှိ ပြည်သူတွေကို စစ်ကောင်စီက တောင်စမ်းနဲ့ မြောက်စမ်းဘက်ကို ပြောင်းရွှေ့ခိုင်းနေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်ဖို့အတွက် အခုလို ပြည်သူတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေတာဖြစ်ပြီး မပြောင်းရွှေ့ပါက လေကြောင်းတိုက်ခိုက်တဲ့အခါ တာဝန်မယူဘဲ ကိုယ်ဖြစ်ကိုယ်ခံဖို့ ပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်က အတင်းအဓမ္မပြောင်းရွှေ့ခိုင်းတဲ့ ကျေးရွာတွေမှာ အိမ်ခြေ (၂၀၀)ခန့်ရှိပြီး လူဦးရေ (၅၀၀)ခန့် နေထိုင်ကြတယ်လို့လဲ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။
အခုအခါ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်အရှိန်မြင့်လာခဲ့တာကြောင့် စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအစပ်ကို ပြန်လည်ဆုတ်ခွာလာပြီး ခံစစ်ကို အခိုင်အမာ ပြင်ဆင်နေတာလို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေထံက သိရပါတယ်။