နိုဝင်ဘာလ (၁၇)ရက်။
မနေ့က နောင်ချိုမြို့၊ တောင်ခမ်းအမြောက်တပ် (၃၅၄)နဲ့ (၉၀၂)တပ်စခန်းတို့မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တပ်မ(၁၁) ခမရ(၂၁၃)တပ်ရင်းမှူး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သားတွေ သေဆုံးခဲ့ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူကနေ နောင်ချိုမြို့ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာလို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ တောင်ခမ်းအမြောက်တပ်ကို ထိန်းချုပ်နိုင်ဖို့ ရပ်စောက်-ကျောက်ဂူကနေ စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းကနေလဲ စစ်လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေကိုလဲ လက်နက်ကြီးတွေ ပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။