Moving Forward ပါတီ၏ ပေါ်လစီရေးဆွဲသူ အသက် (၃၀) နှစ်သာ ရှိသေးသည့်လူငယ် ဖရစ်တ်ဝတ်ချာရာဆင် (Parit Wacharasindhu) ကို ထိုင်းရုပ်သံလွှင့် အစီအစဉ် Thai PBS EP7 နှင့် အင်တာဗျူးဖြေဆိုထားသည့် အကြောင်းအရာများသည် မြန်မာလူငယ်များအတွက် လေ့လာစရာ အများအပြား ပါရှိပြီး မြန်မာပြည်နှင့် နှိုင်းယှဉ်ကြည့်ကာ တွေးခေါ်မျှော်မြင်ကြည့်ပါက အကြံဉာဏ်သစ်များ ရလာနိုင်မည်ဆိုသည့် ရည်ရွယ်ချက်နှင့် ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ဘာသာပြန်ပေးထားပါသည်။
ဦးထွန်းအောင်ကျော်အား ခေတ်မျက်လုံးသတင်းဌာနက အထူးကျေးဇူးတင်ပါသည်။
ဖရစ်တ်ဝတ်ချာရာဆင် (Parit Wacharasindhu)
“ဒီမိုကရေစီစနစ် ရွေးကောက်ပွဲမှာ ပါတီတိုင်းမှာ ညီမျှတဲ့ ဥပဒေတွေကို တချို့သော ပါတီအုပ်စုတွေကို ဦးစားပေးရေး ဆွဲထားတာတွေ ရှိတယ်။ ဒါတွေကို ပြောင်းလဲဖို့ ခက်ခဲတယ်။ အတိုက်အခံတွေက လွတ်လပ်စွာ စည်းရုံးခွင့်မရဘူး။ ပြည်သူ့ဆန္ဒခံယူဖို့ ကိစ္စကိုလည်း လုပ်လို့မရဘူး၊ အထက်လွှတ်တော် အမတ် ၂၅၀ ကိစ္စကလည်း သူတို့က တဖက်သတ် မဲပေးကြမှာပဲ။ ကျတော်တို့မှာ ပါလီမန်ထဲမှာလည်း လွတ်လပ်စွာ ပြောလို့မရဘူး၊ အပြင်ဖက်မှာလည်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိန်းချုပ်ထားတယ်။”
မေး။ ဘာကြောင့်ဒီမိုကရက်တစ်ပါတီကခင်ဗျားနှုတ်ထွက်ခဲ့တာလဲ။
ဖြေ။ ကျနော် ဒီမိုကရက်တစ်ပါတီက နုတ်ထွက်လိုက်တာက ဒီပါတီက အာဏာသိမ်းခဲ့တဲ့ ပရာယွတ်ပါတီနဲ့ပေါင်းပြီး အာဏာ ခွဲဝေယူတာဟာ ဒီမိုကရေစီနည်းကျ မဟုတ်သလို ကျနော့်ခံယူချက်နဲ့ ဆန့်ကျင်နေလို့ပါ။ ဒါလွန်ခဲ့တဲ့ ၄နှစ်က နုတ်ထွက်ခဲ့တာဖြစ်ပြီး “Move Forward” ပါတီကို လွန်ခဲ့တဲ့တနှစ်က ဝင်ခဲ့ပါတယ်။ ဒီပါတီရဲ့ အတွေးအခေါ်နဲ့ ကျနော့် အတွေးအခေါ်က တထပ်တည်း ကျနေပြီး ပါတီရဲ့နိုင်ငံအတွက်ရှေ့ရေး အမြင်ကလည်း ကျနော်နဲ့ တူညီနေလို့ ဖြစ်ပါတယ်။
ပါတီရဲ့ဆောင်ပုဒ်က “ရှေ့သို့ချီတက်ခြင်းဖြင့် ထိုင်းနိုင်ငံသည် အရင်အတိုင်း (ခဏခဏ အာဏာသိမ်းမှု) ဖြစ်မလာနိုင်တော့ပါ” ဖြစ်ပါတယ်။ စိန်ခေါ်မှု (၃) ခု ရှိတယ်လို့ မြင်ပါတယ်။
The first crisis is the crisis of Democracy
ပထမစိန်ခေါ်မှုက ဒီမိုကရေစီ ပြဿနာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီအစိုးရ လက်အောက်မှာ ရှိမနေပါဘူး။ ကျနော်တို့ဟာ စစ်အာဏာသိမ်းမှု အောက်ကရေးဆွဲထားတဲ့ အခြေခံဥပဒေအောက်မှာ နေနေရပါတယ် ဒီအခြေခံဥပဒေကို လူထုဆန္ဒခံယူပြီး အတည်ပြုခဲ့တယ်လို့ ဆိုပေမဲ့ လွတ်လပ်ပြီး တရားမျှတမှုလည်း ရှိမနေခဲ့ပါဘူး။ ဒီမိုကရေစီမကျတဲ့ အချက်များစွာ ပါနေခဲ့ပါတယ်။ (ဘာသာပြန်သူမှတ်ချက်- မြန်မာပြည်နဲ့အတူတူဖြစ်နေ)
The Second crisis is inequality that we are facing today.
ဒုတိယစိန်ခေါ်မှုကတော့ ကျနော်တို့ပြည်သူတွေ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ မညီမျှမှု ဖြစ်ပါတယ်။ တဖြည်းဖြည်း အခြေအနေတွေဟာ ဆိုးဝါးလာနေပါတယ်။ ဒီနေရာမှာ လူမှုဝန်းကျင်နဲ့ပတ်သက်တာ၊ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ သက်ဆိုင်တာ၊ အလုပ်အကိုင်နဲ့ ပတ်သက်တာ၊ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားနေတာတွေ ပါပါတယ်။
The third is economic competitiveness.
တတိယစိန်ခေါ်မှုက စီးပွားရေး ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံဟာ ဖွံ့ဖြိုးမှု နှေးကွေးနေပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ ကျန်းမာရေးပြုပြင်ပြောင်းလဲမှုတွေ၊ ပြည်နယ်တွေရှိ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ နှေးကွေးနေတာ တွေ့ရပါတယ်။
(ဘာသာပြန်သူမှတ်ချက်- မြန်မာပြည်နဲ့ နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ အဆမတန် တိုးတက်မြင့်မားနေပေမယ့် ထိုင်းလူငယ်ကတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ နှေးကွေးနေတယ်လို့ မြင်ပါတယ်။ မြန်မာပြည်အတွက် သူ့ကို ပေါ်လစီရေးဆွဲခိုင်းရင် ဘယ်လိုပြောမလဲ သိချင်မိပါတယ်။)
အရင်ကမလုပ်ခဲ့တဲ့ ဖြေရှင်းမှုတွေကို ကျနော်တို့ လုပ်ချင်ပါတယ်။ အခြေခံဥပဒေပြဿနာကို ဖြေရှင်းရာမှာ အခြေခံဥပဒေသစ် ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာ အခြေခံဥပဒေရေးဆွဲရေး ကော်မရှင်ကို ဖွဲ့ရပါ့မယ်။ ရွေးကောက်ခံများနဲ့ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေအသစ် ရေးဆွဲရေး အစုအဖွဲ့ဟာ အရင်က ထိုင်းနိုင်ငံမှာ မရှိခဲ့ဖူးပါဘူး။ ဒါဟာ ထိုင်းနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲပေးဖို့ ပထမခြေလှမ်း တရပ်ပဲ ဖြစ်တယ်။ အစိုးရအဖွဲ့ အဆင့်ဆင့်မှာ ဒီမိုကရေစီနည်းကျ ဖြစ်ရပါ့မယ်။ ကျနော်တို့ ခရိုင် ၇၇ ခုမှာ အုပ်ချုပ်ရေးမှူး (Governor) တွေကို ပြည်သူကတိုက်ရိုက် ရွေးချယ်တင်မြှောက်တာကို ပြုလုပ်ချင်ပါတယ်။ လက်ရှိအုပ်ချုပ်ပုံအရ ဗဟိုအစိုးရက အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက်ခန့် ထားတာပါ။ ဒါကို ကျနော်တို့က လူထုက တိုက်ရိုက်ရွေးချယ်မှုအဖြစ် ပြောင်းပစ်မှာ ဖြစ်တယ်။ ဗဟိုချုပ်ကိုင်မှုလျော့ချရေးပေါ့။
မညီမျှမှုနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ပြောရရင် ဒီနိုင်ငံမှာ ဘယ်တုံးကမှ မလုပ်ဖူးခဲ့တဲ့ လူမှုဖူလုံရေး ကျယ်ပြန့်အောင် ဆောင်ရွက်ပါ့မယ်။ မလိုလားအပ်တဲ့နေရာတွေမှာ ဘတ်ဂျက်ကို ဖြတ်တောက်ပြီး လူမှုဖူလုံရေးကို ပြောင်းလဲ ပံ့ပိုးနိုင်ရင် ပြည်သူတွေဟာ မွေးဖွားလာခြင်းကနေ နောက်ဆုံးအနားယူတဲ့အထိ ဘဝကို ပြည့်ပြည့်စုံစုံ ကောင်းမွန်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး သင်ရိုးတွေကို အသစ်ပြန်လည်ရေးဆွဲမှာဖြစ်ပြီး နိုင်ငံနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုကတော့ အခွန်အကောက်ငွေတွေကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးစွဲတယ်ဆိုတဲ့ အချက်ကို ပွင့်လင်းမြင်သာစွာ ပြည်သူတွေကို ချပြရမှာ ဖြစ်တယ်။ ကျနော် ပြောပြနေတာတွေက အရင်က မလုပ်နိုင်ခဲ့တဲ့ မလုပ်ခဲ့တဲ့ အရာတွေဖြစ်တယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဒါတွေကို အစိုးရသက်တမ်း (၄) နှစ်အတွင်း လုပ်ရမှာဖြစ်တယ်။ ပထမ ရက် (၁၀၀) အတွင်းမှာ လုပ်ရမယ့်ဟာကတော့ (decentralization) ဗဟိုချုပ်ကိုင်မှု လျော့ချရေးပဲ ဖြစ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက တိုက်ရိုက် ရွေးချယ်တာ ကြိုက်သလား၊ ဗဟိုအစိုးရက ရွေးချယ်တာ ကြိုက်သလားဆိုတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်။ အခြေခံဥပဒေကို အသစ်ရေးဆွဲရေးပဲ ဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေအတွက် အစိုးရရဲ့ အချက်အလက်တွေကို public ဖွင့်ပြီး ချပြပေးမယ်။ ကျောင်းတွေနဲ့ပတ်သက်လို့ ရက် (၁၀၀) အတွင်းမှာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းလှုပ်ရှားမှုတွေကို ဝင်ရောက်စွက်ဖက်တာမျိုးကို တားဆီးရမယ်။ ကျောင်းသားတွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ဖျက်သိမ်းပေးရမယ်။
စစ်တပ်ပါဝင်စွက်ဖက်မှုကို ဘယ်လို ဆောင်ရွက်မလဲဆိုရင် လူပုဂ္ဂိုလ်ရေးကို မကြည့်ဘဲ Move Forward ပါတီအနေနဲ့ စစ်တပ် ထောက်ခံထားတဲ့ စစ်တပ်နဲ့ အာဏာ ခွဲဝေယူထားတဲ့ ဘယ်ပါတီနဲ့မှ ညွန့်ပေါင်းအစိုးရအဖြစ် ဖွဲ့စည်းမှာ မဟုတ်ဘူးလို့ပဲ ပြောရမယ်။ ဒါဟာ ကျနော်တို့ပါတီရဲ့ နိုင်ငံရေးမှာ စစ်တပ်စွက်ဖက်မှု ပပျောက်အောင်လုပ်မဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ လက်ရှိ အာဏာရပါတီ Palang Pracharth နဲ့ United Thai Nation Party တို့ဟာ အာဏာသိမ်းခဲ့တဲ့သူတွေ ပါဝင်နေတဲ့ ပါတီတွေ ဖြစ်ပြီး ဒီပါတီတွေနဲ့တွဲပြီး ဘယ်တော့မှ အစိုးရဖွဲ့မှာ မဟုတ်ပါဘူး။ ဒါဟာ ဆွေးနွေးညှိနှိုင်းရမဲ့ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ ယုံကြည်တာက တိုင်းပြည်ကို ဒီမိုကရေစီ အပြည့်အဝ ရရှိရေးဖြစ်ပြီး ဒီပါတီနှစ်ခုဟာ ဒီမိုကရေစီစနစ်ကို ဆောင်ကျဉ်းပေးမယ်လို့ မယုံကြည်ပါဘူး။ ဒီပါတီမှာပါတဲ့သူ ၂ ဦးဟာ စစ်အာဏာသိမ်းတဲ့နေရာမှာ တိုက်ရိုက်ပါဝင်ခဲ့ပြီး စစ်တပ်ကို ဦးစားပေးထားတဲ့ ၂၀၁၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာမှာလည်း တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သူတွေပါ။ ဒီမိုကရေစီ နည်းမကျတဲ့ အချက်တွေကို သူတို့က ထည့်သွင်းရေးဆွဲခဲ့တာပါ။
စစ်တပ်အနေနဲ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုကို တားဆီးရန်အတွက် “ အချက်နှစ်ချက်” ကို ကျနော်တို့ စဉ်းစားပါတယ်။
ပထမအချက်ကတော့ ကျနော်တို့အနေနဲ့ အခြေခံဥပဒေ အသစ်ကို ရေးဆွဲ ဖို့လိုပါတယ်။ လက်ရှိ အခြေခံဥပဒေထဲက တချို့ပုဒ်မတွေက စစ်တပ်ကို အာဏာပေးထားတာတွေ ပါနေပါတယ်။ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ခေါင်းဆောင်ဟောင်း တွေကို အာဏာပေးထားတဲ့ အချက်တွေ ပါနေပါတယ်။ အထက်လွှတ်တော်ဆီးနိတ်မှာ စစ်အာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင်တွေက အမတ် ၂၅၀ ကို ရွေးချယ် ခန့်အပ်ခွင့်ပေးထားတာ ရှိပါတယ်။ သူတို့မှာ ကျယ်ပြန့်တဲ့အဆင့်လိုက် အာဏာကွန်ရက် ရှိနေပါတယ်။ ဘယ်သူ့ကို ဝန်ကြီးချုပ်ခန့်ရမယ် ပြုပြင်ပြောင်းလဲရေး အက်ဥပဒေ တင်ရင်လည်း သူတို့က ဗီတိုအာဏာ သုံးပြီး ပယ်ချနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ပိတ်ပင်ထားပါတယ်။ ရွေးကောက်ပွဲ ဥပဒေရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်တွေဟာ ကြားနေဖြစ်ရပေမဲ့ သူတို့က ဖြစ်မနေပါဘူး။ စစ်အာဏာသိမ်း ခေါင်းဆောင်တွေက ခန့်ထားတဲ့အတွက် သူတို့က ဘက်လိုက်ပါတယ်။ အခြေခံဥပဒေထဲမှာ ပြည်သူတွေက စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကို ထည့်သွင်းရပါ့မယ်။ နိုင်ငံရေး အင်စတီကျူးရှင်း တခုဖြစ်တဲ့ တရားရုံးကနေ စစ်အာဏာ သိမ်းမှုများကို အတည်ပြုနိုင်ခြင်း မရှိစေရဆိုတဲ့ ပုဒ်မကို ထည့်ပေးရမယ်။ ဒီလိုအချက်တွေကို ပြောင်းလဲခွင့် မရှိအောင် ထည့်သွင်းပေးထားရမယ်။ ဒီအချက်နဲ့ တင်မလုံလောက်သေးဘူး။ ဒုတိယအချက်အနေနဲ့ စစ်တပ်ကို ပြုပြင် ပြောင်းလဲဖို့လိုတယ်။ သူတို့အနေနဲ့ အရပ်သားအစိုးရအပေါ် လွှမ်းမိုးမှု မရနိုင်အောင် လုပ်ဖို့လိုပါတယ်။ စစ်တပ်ပါလီမန်မှာ စစ်တပ်က လူတွေက အများစု ဖြစ်ပြီး၊ သူတို့က စစ်တပ်နဲ့သက်ဆိုင်တဲ့ ဘတ်ဂျက်ကိစ္စမှာ အရပ်သား ကာကွယ်ရေးဝန်ကြီးကို လွှမ်းမိုးထားတယ်။ ကျနော်တို့က စစ်တပ်ကို တိုက်နေတာ မဟုတ်ဘူး။ စစ်တပ်ထဲကနေ အရပ်သားအုပ်ချုပ်ရေးကို လာစွက်ဖက်တဲ့သူတွေကို ဆန့်ကျင်နေတာသာ ဖြစ်တယ်။ တပ်မတော်သားတွေ သူတို့အနေနဲ့တိုင်းပြည် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတာမျိုးကို ဘာမှ ကန့်ကွက်စရာမရှိဘူး။ စစ်တပ်ထဲမှာလည်း နိုင်ငံရေးမှာ ဝင်မပါဘဲ သူ့ပရော်ဖက်ရှင်နယ်အတိုင်းနေချင်တဲ့ စစ်သားတွေ အများကြီးရှိတယ်။ သူတို့ရဲ့ ထောက်ခံမှုကိုလည်း ကျနော်တို့ ရလာနိုင်ပါတယ်။ ကျနော်တို့က စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေတာ မဟုတ်ပါဘူး။ စစ်တပ်ထဲက နိုင်ငံရေးကို ဝင်ရောက် စွက်ဖက်ပြီး အာဏာယူချင်တဲ့ သူတွေနဲ့သာ ထိပ်တိုက်တိုးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ တင်ပြချက်များက စစ်တပ်ကိုလည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာ ကျနော်တို့အတွက် ပြင်ပရန်သူမရှိပါဘူး။ ဒါကြောင့် စစ်တပ်ကို တိုးချဲ့နေစရာ မလိုပါဘူး။ ကမ္ဘာမှာ တိုင်းပြည်တွေ စစ်အင်အား မတိုးချဲ့တော့ဘဲ လျော့ချနေပေမဲ့ ထိုင်းနိုင်ငံမှာ တိုးလာနေပါတယ်။ ဒါကြောင့် စစ်အင်အားကို လျော့ချပေးပြီး အဲဒီအတွက် ကုန်ကျစရိတ်တွေကို ပြည်သူ့လူမှုဖူလှုံရေးတွေမှာ သုံးစွဲရင် တိုင်းပြည်အတွက် ပိုအကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။
စစ်သားအင်အားတသိန်းကို တိုင်းပြည်ကာကွယ်ဖို့ စစ်တပ်က တကယ်လိုအပ်နေသလား ဆိုတာကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ နှစ်စဉ် စစ်သား ဒါမှမဟုတ် တပ်ကြပ်တယောက်ကို ကျနော်တို့လုံခြုံရေးနဲ့ မဆိုင်တဲ့နေရာတွေမှာ သုံးနေတာကို တွေ့ရမှာပါ။ ဥပမာအားဖြင့် တချို့စစ်ဗိုလ်ချုပ်တွေအတွက် ပုဂ္ဂလိက အထောက်အပံ့တွေပေးဖို့ ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ လုပ်နေတာတွေ တွေ့ရမှာပါ။ ဒါကြောင့် တနှစ်မှာ စစ်သားတသိန်း လိုအပ်တယ်ဆိုတာ သိပ်ကိုမြင့်မားလွန်းပါတယ်။ ကျနော်တို့အနေနဲ့ လျော့ချဖို့ လိုပါတယ်။ ဥပမာ တနှစ်မှာ စစ်သားတသိန်း လိုအပ်တယ်ဆိုပြီး ၄ သောင်းလောက်ကပဲ စစ်ထဲဝင်လာတဲ့အခါ ကျန် ၆ သောင်းကိုရဖို့ မဖြစ်မနေ စစ်မှုထမ်း ဥပဒေအရ အတင်းအကြပ်ဆွဲသွင်းဖို့ လုပ်နေရတယ်။ ကျနော်တို့ ကမ်းလှမ်းချင်တာကတော့ တကယ်လို့ စစ်တပ်က တိုင်းပြည်ကာကွယ်ဖို့ တကယ် တသိန်း လိုအပ်တယ်ဆိုရင် စစ်သားတွေအတွက် လူမှုဖူလှုံရေးဝန်ဆောင်မှုတွေ ဘေးအန္တရာယ်ကင်းရှင်းရေးတွေအတွက် တိုးပြီး လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းဟာ လူတွေကို အများကြီး ဆွဲဆောင်နိုင်မှာ ဖြစ်ပြီး စစ်သားအဖြစ် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဝင်လာပါလိမ့်မယ်။ လူတွေမလုပ်ချင်တာကို အတင်းအကြပ် စေခိုင်းစရာ မလိုဘူး ထင်ပါတယ်။ ဒီလိုလုပ်ရင် လူများများ စစ်တပ်ထဲ ဝင်လာပြီး တိုင်းပြည်ကို အလုပ်အကျွေး ပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဥပဒေပြဋ္ဌာန်းဖို့ လိုပါတယ်။ ကျနော်တို့နိုင်ရင် ဒီနှစ် ဧပြီလဟာ စစ်အမှုထမ်းမနေရဥပဒေကို ကျင့်သုံးမယ့် နောက်ဆုံးနှစ် ဖြစ်ပြီး နောက်နှစ်မှာ ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။
မေး။ ဘုရင်ကို စော်ကားနိုင်ဖို့ ပုဒ်မ ၁၁၂ ကိုပြင်ချင်နေတယ်လို့စွပ်စွဲနေတာကို ဘယ်လိုပြောချင်သလဲ။
ဖြေ။ ပုဒ်မ ၁၁၂ က ဘုရင်ကိုစော်ကားရင် အပြစ်ဒဏ် ချမှတ်မယ်ဆိုတဲ့ ဥပဒေကို ပြင်ဆင်မယ်ဆိုတာနဲ့ ဘုရင်ကို စော်ကားတာပဲလို့ စွပ်စွဲတာ မမှန်ပါဘူး။ ကျနော်တို့အနေနဲ့ ဒီဥပဒေနဲ့ပတ်သက်ပြီး တချို့ပြဿနာများ ရှိနေတဲ့အတွက် ပြင်ဆင်ဖို့ လိုပါတယ်။ ဒီဥပဒေမှာ ဘုရင်ကို ဂုဏ်သိက္ခာချခြင်းနဲ့ စော်ကားခြင်း လုပ်ရင်ထောင်ဒဏ် ၃ နှစ်ကနေ အထက်ချနိုင်တယ်ဆိုတဲ့အချက်ကို ကြည့်ရင် လက်တွေ့မှာ ပထမ ပြဿနာက ဒီဥပဒေကို အသုံးချပြီး ပြည်သူတွေကို ဘုရင်ကို စော်ကားတယ်ဆိုပြီး အပြစ်ပေးနေတာက သာမန်အသိနဲ့တောင် ဒီအပြစ်ပေးတဲ့ကိစ္စဟာ စွပ်စွဲမှုနဲ့ ဘာမှမဆိုင်ဘူးဆိုတာ လူပိန်းတွေတောင် သိကြပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာကြာတုံးက ပုဂ္ဂိုလ်တယောက်ကို ပုဒ်မ ၁၁၂နဲ့ ငြိစွန်းတယ် ဆိုပြီး အပြစ်ဒဏ်ပေးခံရပါတယ်။ ဒီလူက ဘီဘီစီကရတဲ့သတင်းကို သူကရှယ်လိုက်တာကို ဘုရင်ကို ဂုဏ်သိက္ခာချတယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။ ဒါဟာ ရှင်းလင်းတဲ့ ဥပမာတခုသာ ဖြစ်ပါတယ်။ ဘုရင်ကိုသိက္ခာချတာနဲ့ ဘာမှမဆိုင်တဲ့ သတင်းတခုကို မျှဝေလိုက်ခြင်းသာ ဖြစ်တယ်။ ကျနော်တို့ဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သတင်းမျှဝေခွင့်တွေကို ကာကွယ်ပေးသင့်ပါတယ်။ ဒါဟာ ပထမအဆင့်အနေနဲ့ ပြင်ဆင်ရမဲ့အချက် ဖြစ်ပါတယ်။ ဒုတိယပြင်ဆင်ချင်တဲ့အချက် ကတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှုကို ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ပုဒ်မ ၁၁၂ က ၃ နှစ်ကနေ ၁၅ နှစ် ပြစ်ဒဏ် ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ဟာ လူသတ်မှု အတွက်ချတဲ့ ပြစ်ဒဏ်နဲ့အတူတူပါပဲ။ ဒီပြစ်ဒဏ်ကို နိုင်ငံတကာမှာရှိတဲ့ ဘုရင်စနစ်တွေ နောက်ဒီမိုကရေစီ နိုင်ငံတွေမှာ ဒီလိုပြင်းထန်မှုတွေ မရှိပါဘူး။ နောက်တခု ကျနော်တို့ ပြင်ဆင်ချင်တာက ဘယ်သူဆီမှာ ဆွဲချက်တင်ခွင့် ရှိသလဲဆိုတာပါ။ အခုဆိုရင် ဘယ်သူမဆို ဆွဲချက်တင်နိုင်တယ်ဆိုတာ ဖြစ်နေတယ်။
ဒီအချက်က တချို့လူတွေက သူတို့နိုင်ငံရေး လက်နက်အဖြစ် လူတွေကို တိုက်ခိုက်တာတွေ ဖြစ်လာတယ်။ အဓိက အတိုက်အခံတွေကို ဒီပုဒ်မသုံးပြီး တိုက်ခိုက်လာတယ်။ တခါတရံ သူတို့အကျင့်ပျက်ခြစားမှုကို ကာကွယ်ချင်တာနဲ့ လူတွေကို ဘုရင်နဲ့လှည့်ချောက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် ဘုရင်ကို စော်ကားတယ်လို့ အမှုစွဲတာကို ဘယ်သူတွေက လုပ်ခွင့်တရားစွဲဆိုခွင့် ရှိသလဲဆိုတာပဲ ဖြစ်တယ်။ လူတွေကို ဘုရင်နဲ့ပတ်သက်လာရင် ကြောက်လန့်နေအောင် ချောက်နေတာပဲဖြစ်တယ်။ ဒီဥပဒေဟာ နိုင်ငံတကာ စံနှုန်းနဲ့တသားတည်း ကျနေဖို့ လိုပါတယ်။ ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီပြီး လူထုနဲ့ ဘုရင်အကြား ဆက်ဆံရေးကို မြှင့်တင် ပေးရမယ်လို့ မြင်ပါတယ်။ ကျနော်တို့မှာ ပေါ်လစီ ၃၀၀ ခန့်ရှိပြီး ဒီပေါ်လစီတခုခြင်းကို ကျနော်တို့ ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ် ကျနော်တို့အနေနဲ့ ဘာတခုကိုမှ ကွယ်ဝှက်မထားပါဘူး။ ပေါ်လစီတိုင်းဟာ အရေးကြီးတဲ့အတွက် ဘယ်အရာကိုမှ ဖုံးကွယ်မထားပါဘူး။
မေး။ Move Forward ပါတီကို အစွန်းရောက်လွန်းအားကြီးတယ်လို့ တချို့က ပြောကြပါတယ်။ အဲ့ဒါကို ဘယ်လိုတုံ့ပြန်ချင်သလဲ။
ဖြေ။ ကျနော်တို့ဟာ အစိုးရဝန်ထမ်းဆိုင်ရာ ပြောင်းလဲပြုပြင်ရေးကို တွန်းအားပေး အဆိုပြုချက်များကို တင်နေပါတယ်။ နိုင်ငံအစိုးရဟာ ဘယ်လို စီမံခန့်ခွဲနေတယ် ဆိုတာကို တိုင်းပြည်ကို ပိုပြီးပွင့်လင်းမြင်သာစွာ ချပြနိုင်ရပါ့မယ်။ အစိုးရဒေတာတွေကို ပြည်သူတွေ စုံစမ်းလေ့လာနိုင်ဖို့ ဖွင့်ပေးရပါမယ်။ နိုင်ငံအတွက်အရေးကြီးတဲ့ ပြဿနာများကို သိရှိတဲ့အတွက် ပြည်သူကို အသိပေးတိုင်ကြားသူ (whistle blowers) တွေကို ကာကွယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ ပြည်သူ့ဝန်ထမ်းတွေကြားမှာ သူတို့ရှေ့မှာ အကျင့်ပျက်ချစားတာတွေကို တွေ့ရှိရင် အသိပေး ဖော်ထုတ်ဖို့လိုပြီး ဒီလို အသိပေးသူကို ကာကွယ်ပေးတဲ့ ဥပဒေလည်း ရှိဖို့လိုပါတယ်။ အတိတ်က ဒီလိုမျိုးကို မပြောရဲကြဘူး။ သူတို့ကို အရေးယူခံရမှာစိုးလို့ ဖြစ်တယ်။ ဗဟိုချုပ်ကိုင်မှုလျော့ချရေးမှာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူက တိုက်ရိုက်ခန့်ထားတာ အပြင် ဘတ်ဂျက်သုံးစွဲမှုကိုလည်း ပြောင်းလဲဖို့လိုတယ်။ အခု ကျနော်တို့ အခွန် ဘတ် ၁၀၀ ပေးရရင် ဗဟိုအစိုးရက ဘတ် ၈၀ ယူပြီး ပြည်နယ်တွေက ဘတ်၂၀ ပဲရတယ်။ ဂျပန်နိုင်ငံကိုကြည့်ရင် ဗဟိုအစိုးရနဲ့ စီရင်စုတွေ ခွဲဝေမှုက ၄၀-၆၀ ဒါမှမဟုတ် ၅၀-၅၀နီးနီးလောက်ရှိတယ်။ ဒါဆိုပြည်နယ်တွေလည်း သူတို့ပြည်နယ်ဖွံဖြိုးရေးတွေကို ပိုလုပ်နိုင်လာမယ်။
နောက်တခုက ကျနော်တို့ကို အစွန်းရောက်တယ်လို့ ဝေဖန်တာနဲ့ပတ်သက်ပြီး တုံပြန်ပြောရရင် ကျနော်တို့ ချမှတ်ထားတဲ့ ပေါ်လစီ ၃၀၀ လုံးဟာ ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ လိုက်လျောညီထွေ ချမှတ်ထားတာသာ ဖြစ်ပါတယ်။ ဘယ်လိုမှ အစွန်းရောက်တယ်လို့ ပြောလို့မရပါဘူး။ လွန်ခဲ့တဲ့နှစ်များစွာကထဲက နိုင်ငံကို ဘယ်လို အုပ်ချုပ်မယ်လို့ ပြောနေတဲ့ ဘယ်အဆိုပြုချက်မဆို အဲဒါတွေကပိုပြီး အစွန်းရောက်တယ်လို့ ကျနော်က ပြောချင်ပါတယ်။ ရွေးကောက်ခံ လွှတ်တော်အမတ်များအားလုံးက ဝန်ကြီးချုပ်ကို ရွေးချယ်တာနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်နဲ့ စစ်တပ်က ရွေးချယ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ နဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်ရမယ်ဆိုတာကို နှိုင်းယှဉ်ကြည့်ရင် ဘယ်ဟာကပိုပြီး အစွန်းရောက်သလဲ။ နောက်တခါ ဂျပန်ကို မေးကြည့်လိုက်၊ ထိုင်းနိုင်ငံမှာရှိတဲ့ ခရိုင် ၇၇ ခုလုံးကို ပြည်သူတွေ ရွေးတဲ့ အုပ်ချုပ်ရေးမှူးတွေက အုပ်ချုပ်တာထက် ဘန်ကောက် အစိုးရကနေ အုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်ပြီး အုပ်ချုပ်စေတာက ဘယ်အရာက အစွန်းရောက်သလဲမေးရင် သူတို့ဘယ်လိုဖြေမလဲ။ Move Forward ပါတီအနေနဲ့ ရွေးချယ်တင်မြှောက်ရေး ကော်မရှင်ဝင်တွေကို ခန့်ထားမှုနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်တွေကို ခန့်အပ်တဲ့ လုပ်ငန်းစဉ်မှာ မျှတမှုနဲ့ အင်အားစုများ အားလုံးပါဝင်နိုင်တဲ့ ကွဲပြားခြားနားမှု ရှိဖို့လိုပါတယ်။ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရွေးကောက်ပွဲကော်မရှင်မှာ အဖွဲ့ဝင် ဖြစ်လာမယ့် ဘယ်သူမဆို စစ်တပ်က ခန့်အပ်လိုက်တဲ့ဆီနေတာ (အထက်လွှတ်တော်အမတ်) ကပဲ ခန့်အပ်ရမယ် ဆိုတာက ပိုပြီးအစွန်းရောက်နေတယ်လို့ ထင်ပါတယ်။ ယူကေက ပြည်သူတွေကို မေးကြည့်လိုက်ရင် သူတို့က ဘယ်ဟာက တရားမျှတတယ် ပြောမယ် ထင်ပါသလဲ။ ကျနော်ထင်တယ် အစွန်းရောက်တယ်လို့ ယူဆချက်အခြေခံကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ချိန်ညှိကြည့်ဖို့ လိုမယ်ထင်ပါတယ်။ အခု ကျနော်တို့တင်ပြချက်တွေက ကမ္ဘာ့စံချိန်စံညွှန်းနဲ့ လိုက်လျောညီတွေရှိတဲ့ တင်ပြချက်တွေပဲ ဖြစ်တယ်။
မေး။ Future Forward ပါတီက အရင်ရွေးကောက်ပွဲတုံးက လူတွေအံ့သြသွားအောင် လူငယ်တွေကို စည်းရုံးနိုင်ခဲ့တယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာရော ဒီလို ကြီးမားစွာ အံသြသင့်သွားစေနိုင်မလား။
ဖြေ။ ပြည်သူတွေကို ယုံကြည်မှုပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်အနေနဲ့ ကြိုတင်ပြီးဟောကိန်း မထုတ်လိုပါဘူး။ ကျနော်တို့က ဒီအချက်တွေကို ပြောင်းလဲချင်တယ်လို့ ပြည်သူကို တင်ပြပြီးပါပြီ။ နိုင်ငံရေးမှာ ကျနော် လေ့လာနိုင်သမျှ လေ့လာထားတဲ့ အချက်တွေထဲမှာ အချက် ၂ ချက်ဟာ အရေးကြီးတာ တွေ့ရပါတယ်။ ပထမအချက်အဖြစ် အစိုးရအဖြစ် အုပ်ချုပ်တဲ့ ၄ နှစ် တာကာလမှာ စက္ကန့်ပိုင်းဟာ အရေးကြီးပြီး အားသွန်ခွန်စိုက် တန်ဖိုးထားလုပ်နိုင်ဖို့လိုပါတယ်။
Future forward ပါတီ (ဖျက်သိမ်းခံခဲ့ရသည့်ပါတီ) အနေနဲ့ ရပ်တည်ခဲ့တုံးက ဘာတွေလေ့လာ တွေ့ကြုံခဲ့ရသလဲဆိုတော့ အချို့ဥပဒေတွေကို ကျနော်တို့ ပြုစုရေးဆွဲနေတာ အစိုးရသက်တမ်း၂နှစ်အကြာမှာ ပြီးစီးခဲ့ပြီး လွှတ်တော်မှာ အတည်ပြုဖို့ တင်သွင်းခဲ့ပါတယ်။ ပါလီမန်ထဲမှာ ဒီကိစ္စကို ဆွေးနွေးတာ အချိန်များစွာ ကြာမြင့်ခဲ့ရပါတယ်။ ဒီတခါ Move Forward ပါတီမှာတော့ ကျနော်တို့အနေနဲ့ ဘာတွေပြောင်းလဲချင်သလဲ ဆိုတာတွေကို အားလုံးအဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပါလီမန်စတဲ့ ပထမနေ့မှာပဲ တင်သွင်းမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အဆိုပြုချက်တိုင်းကို ပြည်သူ တွေကနေ ထောက်ခံအားပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် အရက်သေစာ ဈေးကွက်နဲ့ပတ်သက်လို့ လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းနဲ့အတူ လက်ဝါးကြီးအုပ်ထားမှုကိုလည်း တချိန်ထဲမှာ ပယ်ဖျက်ပေးဖို့ ဥပဒေတင်သွင်းတဲ့ကိစ္စမှာ မဲ (၂) မဲနဲ့ ကပ်ရှုံးသွားခဲ့ရတယ်။ ဒီဥပဒေ ပြင်ဆင်ချက်မှာ လူထုထောက်ခံမှုများစွာ ရရှိခဲ့တာ တွေ့ရမှာ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ မဲဆွယ်တဲ့ခရီးမှာ ဒီကိစ္စမျိုးကို လူထုသိအောင် ထောက်ခံမှု ပိုများလာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ Move Forward ပါတီအနေနဲ့ ကိုယ်ယုံကြည် ရေးဆွဲထားတဲ့ ပေါ်လစီကို အသေးစိတ် ရေးသားထားပြီး ကျနော်တို့အနေနဲ့ ဘယ်လို တိုင်းပြည်ကို ပြောင်းလဲချင်တယ်ဆိုတာကို ပေါ်လစီ ၃၀၀ မှာ ရေးဆွဲချပြထားပြီးပါပြီ။
ဘာကြောင့် ဒီလောက် ပေါ်လစီအများကြီး ရှိနေတာလဲလို့ တယောက်က မေးလာတယ်။ ဒီပေါ်လစီတွေဟာ ကျနော်တို့ အစိုးရ ဖြစ်လာရင် (၄) နှစ်အတွင်းမှာ မနားမနေလုပ်ရမဲ့ အချက်တွေ ဖြစ်လို့ပါပဲ။ ဒီအချက်တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်တဲ့ အချက်တွေဖြစ်တယ်လို့ ယုံကြည်လို့ပါပဲ။ ဒီအပြောင်းအလဲတွေ ဖြစ်လာဖို့ ပြည်သူတွေက နောက်ကနေ ကျောထောက်နောက်ခံ ပြုပေးဖို့ လိုပါတယ်။
ကျနော်တို့ခေါင်းဆောင် ခွန်ပီတာကို တိုင်းပြည်ကို ခေါင်းဆောင်မှုပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးဟာ လျှင်မြန်စွာ ရွေ့လျားပြောင်းလဲနေလို့ပါပဲ။ ဒီလို နိုင်ငံရေးအရ စီးပွားရေးအရ ပတ်ဝန်းကျင် အခြေအနေအရ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဒီအခြေအနေတွေကို ထိုင်းနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်ဖို့ သူက လုပ်ဆောင်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်။ သူဟာ ထိုင်းနိုင်ငံနဲ့ ကမ္ဘာကြီးအကြားမှာ နိုင်ငံရေးအရနဲ့ စီးပွားရေအရ တံတားခင်းပေးနိုင်သူ ဖြစ်ပါတယ်။ ကျနော် ပြောခဲ့သလို ကျနော်တို့မှာ ပြဿနာ ၃ ခု ရှိတယ်။ ဒီမိုကရေစီပြဿနာ၊ မညီမျှမှုပြဿနာနဲ့ စီးပွားရေးနှေးကွေးနေမှု ပြဿနာများ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံများရဲ့ စီးပွားရေး ပူပေါင်းဆောင်ရွက်မှုတွေ နောက်ဆုတ် သွားပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ရှိလာပါတယ်။ “ ဒါတွေကို ဖြေရှင်းဖို့ ခွန်ပီတာလို ကျယ်ပြန့်တဲ့ တိုင်းပြည်ပြဿနာများကို နားလည်ပြီး ထိုင်းနိုင်ငံနဲ့ ကမ္ဘာအကြားပေါင်းကူး လုပ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်လိုအပ်ပါတယ်။”
Moving Forward ပါတီ၏ ပေါ်လစီရေးဆွဲသူ ဖရစ်တ်ဝတ်ချာရာဆင်၏ ကိုယ်ရေးအကျဉ်း
ဖရစ်တ်သည် ထင်ရှားသော ထိုင်းမိသားစုမှ မွေးဖွားခဲ့သည်။ သူ့မိဘနှစ်ပါးစလုံးသည် ဆရာဝန်များဖြစ်ကြပြီး မိခင်ဖြစ်သူ ပါမောက္ခ ဒေါက်တာ Alisa Wacharasindhu (née Vejjajiva) သည် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ဟောင်းနှင့် ယခင်ဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) ၏ အမအကြီးဆုံးဖြစ်သည်။ ဖရစ်တ်သည် ချူလာလောင်ကွန် တက္ကသိုလ်အောက်တွင်ဖွင့်လှစ်ထားသည့် မူလတန်းကျောင်းတွင် တက်ရောက်ခဲ့သည်။ ဖရစ်တ် ကိုးနှစ်သားအရွယ်တွင် အင်္ဂလန်နိုင်ငံရှိ ကျောင်းများတွင် တက်ရောက်ရန် ကြိုတင်ပြင်ဆင်ပေးသည့် ကျောင်းများနှင့် Eton College (ထိုင်းရှိ ရှရီးစ်ဘယ်ရီ (Shrewsbury International School အပါအဝင်) တွင် ပညာသင်ကြားခဲ့သည်။ သူ့ဦးလေး အဖိဆစ် ဝေချာချီဝကဲ့သို့ အောက်စ်ဖိုဒ်တက္ကသိုလ်၊ စိန့်ဂျွန်ကောလိပ်မှ ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေး (PPE) ဘွဲ့ကို ရရှိခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အောက်စ်ဖိုဒ်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အတွင်း အောက်စ်ဖိုဒ်တက္ကသိုလ်၏ အကြီးဆုံး ကျောင်းသား လူ့အဖွဲ့အစည်းနှင့် ကမ္ဘာ့သက်တမ်း အကြာဆုံး စကားစစ်ထိုး ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သော အောက်စ်ဖိုဒ်ယူနီယံ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဤတာဝန်ကို ထမ်းဆောင်သည့် ပထမဦးဆုံး ထိုင်းလူမျိုး ဖြစ်ခဲ့သည်။ အဖိဆစ် ဝေ့ချာချီဝ ဝန်ကြီးချုပ်ဖြစ်နေစဉ်ကာလ ၂၀၀၉ ခုနှစ်တွင် ဝန်ကြီးချုပ်ရုံးတွင် လေ့လာသူ သင်တန်းသား အဖြစ် ထိုင်းလူ့အဖွဲ့အစည်းတွင် လူသိများလာသည်။ ဖရစ်တ်သည် ထိုင်းနိုင်ငံရေးထဲ့သို့ ၂၀၁၇ ခုနှစ်တွင် ၎င်း၏ ဦးလေးပါတီဖြစ်သည် ဒီမိုကရေစီပါတီသို့ ဝင်ရောက်ပြီး အရွေးခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ဒီမိုကရေစီပါတီသည် စစ်အာဏာသိမ်း ခေါင်းဆောင်များ၏ပါတီနှင့် ညွန့်ပေါင်းဖွဲ့ရာ၌ ပါဝင်နေရာယူခဲ့သည့်အတွက် ပါတီမှ နှုတ်ထွက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် Move Forward Party သို့ ဝင်ရောက်ခဲ့ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် ပါတီ၏ ပေါ်လစီ ရေးဆွဲရာတွင် အဓိက ပါဝင်ခဲ့သည်။
ဖရစ်တ်ရဲ့ အင်္ဂလိပ်ဘာသာဖြင့်Thai PBS ၏ အင်တာဗျူးကို တိုက်ရိုက်ကြည့်ရှုလိုပါက အောက်ပါလင့်ကို ကလစ်လုပ်ပြီး ကြည့်နိုင်ပါတယ်။
ဘာသာပြန်သူ/ဦးထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း)
Moving Forward ပါတီ၏ ပေါ်လစီရေးဆွဲသူ ဖရစ်တ်ဝတ်ချာရာဆင် (၃၀) နှစ်