ဇန်နဝါရီလ (၁၅)ရက်။
ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့နယ်ရှိ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စကစတပ်ကို တိုက်ခိုက်ခဲ့တာမှာ စကစဘက်က စခန်းမကျစေဖို့ လေကြောင်းကနေ ဗုံးသီး (၇၀)လောက်နဲ့ ပြင်းပြင်းထန်ထန် ပစ်ကူခုခံခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၇)နာရီခွဲလောက်ကြာမြင့်ခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် သူတို့စခန်းမကျစေဖို့ Mi2 ရဟတ်ယာဉ် (၂)စီးနဲ့ K-8W ဂျက်တိုက်လေယာဉ် (၂)စီးတို့နဲ့ လေကြောင်းကနေ (၂၃)ကြိမ်နဲ့ ဗုံးသီး (၇၀)ခန့် ကြဲချကာ ပြင်းပြင်းထန်ထန် ခုခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ ညနေ (၆)နာရီအထိ (၇)နာရီခွဲကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၆)ဦးသေဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့သလို မြိတ်ခရိုင်တပ်ရင်း(၁)က ရဲဘော် (၄)ဦးနဲ့ KNDO တပ်ရင်း(၇)က ရဲဘော် (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)တပ်ရင်း (၇)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုအချိန်အထိလဲ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး နေ့တိုင်း နှစ်ဖက်အပြန်အလန် ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။