ဇွန်လ (၁၆)ရက်။
မနေ့က နံနက်ပိုင်းအချိန်က နောင်ချိုမြို့ရှိ ကျေးရွာ (၃)ရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA တို့ဟာ နောင်ချိုမြို့ရှိ အုမ္မတီးရွာ၊ ရေမောင်းရွာနဲ့ လက်ပန်ကုန်းရွာတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေကာ တိုက်ပွဲထဲ စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အုမ္မတီးနဲ့ ရေမောင်းရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲထဲ စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံးနဲ့ ဗုံး (၃၅)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး လက်ပန်ကုန်းရွာက တိုက်ပွဲထဲမှာလဲ စစ်ကောင်စီတပ်က လက်နက်ကြီး (၆)လုံး ပစ်ကူတိုက်ခိုက်ခဲ့ကာ တိုက်ပွဲတွေထဲ နှစ်ဖက်ထိခိုက်တဲ့အခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ရွှေညောင်ပင်ရွာဘက်ကိုလဲ စစ်ကောင်စီတပ်က ပြည်သူတွေကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဇွန်လ (၁၄)ရက်နေ့ကလဲ ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနဲ့ လက်ပန်ကုန်းရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး (၈၀)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၂၆)လုံး ပစ်ကူခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ညီနောင်(၃)ဖွဲ့က အပစ်ရပ်သက်တမ်း ထပ်တိုးထားတာကို စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေကာ ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
