ဇွန်လ (၁၈)ရက်။
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မကွေးပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို မကွေးမြို့ ချမ်းမြေ့သာယာသုဿန်ကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။
ကိုဗစ်ကြောင့် သေဆုံးခဲ့သူဟာ အသက် (၃၃)နှစ်ဖြစ်ပြီး တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက်က ကိုဘိုဘိုဝင်းဆိုသူဖြစ်ကာ ရုပ်အလောင်းကို မကွေးမြို့ရှိ ချမ်းမြေ့သာယာသုဿန်ကို အသင်းက အခမဲ့ ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားတဲ့ အတည်ပြုလူနာတွေကို မေလဆန်းပိုင်းကစပြီး ပြန်လည်တွေ့ရှိလာရာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ကိုဗစ်အတည်ပြုလူနာ (၅၂)ဦးအထိ တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီကိုဗစ်လူနာတွေထဲ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ သေဆုံးလူနာ မရှိဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး တရက်အကြာမှာပဲ သေဆုံးလူနာရှိလာခဲ့တာပါ။
စစ်ကောင်စီဟာ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစပြီး ပြည်သူကို သတင်းမှန်ပြောဆိုတာတွေ မရှိဘဲ သတင်းအမှောင်ချဖို့ ကြိုးစားနေတဲ့အထဲ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေလဲ ပါဝင်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်ထက် ဖြစ်ပွားခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာလဲ ကူညီကယ်ဆယ်ရေးတွေ ပိတ်ပင်ခံရတာနဲ့ သတင်းမှန်ထုတ်ဖော်ခွင့်တွေ ကန့်သတ်ခံရတာကြောင့် ပြည်သူအများအပြား အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောဆိုထားပါတယ်။
တကမ္ဘာလုံးက ကပ်ရောဂါအနေနဲ့ သတ်မှတ်ထားတဲ့ ကိုဗစ်ရောဂါကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒေသထဲ ပုံမှန်ကူးစက်တတ်တဲ့ ရောဂါအနေနဲ့ ထုတ်ပြန်သတ်မှတ်ထားတယ်လို့ သိရပါတယ်။
