ဇွန်လ (၁၉)ရက်။
ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ (၈၀) ပြည့်နှစ်တိတိကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို အသက် (၈၀) အရွယ်မှာတောင် တိုင်းပြည်နဲ့ လူထုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြှုပ်နှံပေးဆပ်မှုဟာ တစ်ချက်မျှ နောက်တွန့်ခဲ့တာ မရှိခဲ့ဘူးဆိုတာကို လေးစားစွာ တွေ့မြင်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်သန္ဓေယုတ်တွေရဲ့ မတရားဖမ်းဆီးတာကို ခံထားရတာကြောင့် အင်မတန် ထိခိုက်ဝမ်းနည်းရတယ်လို့ ယာယီသမ္မတရဲ့ မွေးနေ့ဆုမွန်စကားမှာ ထည့်သွင်းပြောဆိုထားပါတယ်။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံတာတွေကို အောက်မေ့သတိရပြီး တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကနေ လွတ်မြောက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားနေကြတယ်လို့ အသိပေးပြောဆိုထားပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) အရွယ်ရောက်လာတာတောင် နောက်မျိုးဆက် ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ လူထုတာဝန်တွေကို ပုခုံးပြောင်းထမ်းဆောင်ဖို့ ကိုယ်စွမ်းကိုယ်စ ချိနဲ့နေတာမျိုး ဖြစ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ အဲသည့်လို ဖြစ်နေရင်လည်း မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားရရင် စိတ်မကောင်း ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး ရှေ့မျိုးဆက်ခေါင်းဆောင်တွေထက် တိုင်းပြည်နဲ့ လူထုက အားကိုးထိုက်တဲ့ မျိုးဆက်သစ် ခေါင်းဆောင်များကို ပြည်သူက အလိုရှိနေကာ NUG အနေနဲ့ “ မိဘထက် တော်တဲ့ သားသမီး” ၊ “ ဆရာ့ထက်တော်တဲ့ တပည့်” တွေဖြစ်အောင် လူ့အဖွဲ့အစည်းကို ရေခံမြေခံကောင်း ဖန်တီးပေးဖို့ အမြဲ ကြိုးစားနေတယ်လို့လဲ အသိပေးထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံတာကနေ လွတ်မြောက်ဖို့အတွက် သားဖြစ်သူ “ Kim” ကိုယ်တိုင် ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လဲ ဝမ်းသာပီတိဖြစ်မိတယ်လို့ ယာယီသမ္မတက ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။
