ဇွန်လ (၂၆)ရက်။
မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာက နောင်ချိုမြို့ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာရွာတို့မှာ တိုက်ပွဲဖြစ်ပွားနေချိန် ဒရုန်းနဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေ ပစ်ကူတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေကို ပစ်ကူတိုက်ခိုက်ခဲ့တဲ့အပြင် တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ အုမ္မခါးရွာဘက်ကို ဒရုန်းနဲ့ ဗုံး (၃)လုံး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဇွန်လ (၂၄)ရက်နေ့ကလဲ နောင်ချိုမြို့ နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ရွာကြားမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၁၃၀)လုံး၊ ဒရုန်းနဲ့ ဗုံး (၆၀)လုံးနဲ့ လက်နက်ကြီး (၅၃)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ညီနောင်(၃)ဖွဲ့က တဖက်သတ်အပစ်ရပ်ကာလ (၁)လသက်တမ်းထပ်တိုးထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။
