ဇွန်လ (၂၈)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်” လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက ဆိုပါတယ်။
စစ်ကောင်စီက မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ကနေ စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးပစ်ချခဲ့တာကြောင့် ဆားလင်းကြီးမြို့ သရက်ကိုင်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အခုလို သရက်ကိုင်းကျေးရွာထဲ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်မှာ နေအိမ်ထဲ နေထိုင်နေတဲ့ အမျိုးသား (၄)ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ကုန်တင်သင်္ဘော (၁၁)စီးနဲ့ စစ်သင်္ဘော (၃)စီးဟာလဲ ဆင်ဖြူရှင်တံတားကနေ ချစ်တွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာကာ မုံရွာမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
