ဇူလိုင်လ (၂)ရက်။
မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်တာကို ခံထားရပြီး လုံလောက်တဲ့ ဆေးဝါးကုသတာတွေ ရရှိမနေဘူး” လို့ ဆိုပါတယ်။
ဒါ့ကြောင့် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို NUG အနေနဲ့ အထူး စိုးရိမ်မကင်းဖြစ်မိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အကျဉ်းဦးစီးအရာရှိ တွေနဲ့ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေအတွက် တာဝန်ယူ၊ တာဝန်ခံကြရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
အခုအခါ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်နဲ့ (၁၄)မိုင်ခန့်အကွာအဝေးမှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ ချုပ်နှောင်ခံထားရပြီး စနစ်တကျ ဆေးကုသခွင့်မရဘူးလို့ Myanmar Prison Witness က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်စုကြည်အနေနဲ့ အကျဉ်းသားတစ်ဦးရဲ့ အခွင့်အရေးဖြစ်တဲ့ မိသားစုနဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပိတ်ပင်ခံထားရတဲ့ တဦးထဲ နိုင်ငံရေးအကျဉ်းသားဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။
