ဇူလိုင်လ (၈)ရက်။
မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီသုခတပ်စခန်းဟာ ထိုင်းနိုင်ငံနယ်စပ်မျဉ်းပေါ်မှာရှိပြီး KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း (၁၀)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတပ်စခန်းမှာ စစ်ကောင်စီတပ်သား အင်အား (၃၀)ကျော်နဲ့ တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းတက်သိမ်းချိန် စစ်ကောင်စီတပ်သားတွေအားလုံး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ နှစ်ဖက်ထိခိုက်တဲ့အခြေအနေအပါအဝင် အသေးစိတ် အချက်အလက်တွေကိုတော့ ထည့်သွင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဧပြီလနဲ့ ဇွန်လတို့ထဲ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ကာ အခုအချိန်အထိ စခန်း (၅)ခုကို ရရှိထားတယ်လို့ သိရပါတယ်။



