ဇူလိုင်လ (၉)ရက်။
အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး စာပေးပို့လာတဲ့အပေါ် ညှိနှိုင်းတာတွေ ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းထဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပေးပို့လာတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာထဲမှာ သတင်းထုတ်ပြန်ထားတာပါ။
အမေရိကန်အနေနဲ့ မြန်မာရဲ့ သွင်းကုန်တွေအပေါ် အခွန် (၄၀)ရာခိုင်နှုန်း စည်းကြပ်သွားမယ့်အကြောင်းအပါအဝင် အမေရိကန်ရဲ့ သွင်းကုန်တွေနဲ့ပတ်သက်ပြီး ဖြေလျော့ပေးဖို့ စာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။
“ သဘောထားကတော့ နံပါတ်တစ်က အပြုသဘောဆောင်တဲ့ ညှိနှိုင်းတာ၊ ပြန်ကြားတာတွေ ဆောင်ရွက်သွားမှာပါ။ နံပါတ်နှစ်အချက်ကတော့ ဒီညှိနှိုင်းတာတွေကနေ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမယ့် ရလဒ်တွေ ရရှိမယ်လို့ မျှော်လင့်တယ်” လို့ သူက ဆိုပါတယ်။
နောက်ပြီး အမေရိကန်က ပေးပို့တဲ့စာထဲ မြန်မာနဲ့ ကုန်သွယ်ရေးပြုလုပ်လိုတာ၊ ကုန်သွယ်ရေးလိုငွေတွေရှိနေတာ၊ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ အခွန်နှုန်းထားတွေနဲ့ ညှိနှိုင်းနိုင်တဲ့အကြောင်း ပြောဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ ၅၈၈ ဒသမ ၃သန်းကျော် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
