ဇူလိုင်လ (၁၀)ရက်။
ဇူလိုင်လ (၈)ရက်နေ့က ဟားခါးမြို့မှာ တော်လှန်ရေးရဲဘော် (၃)ဦးအပါအဝင် (၅)ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ဖလမ်းမြို့ ဗားရ်တံတားကို ယင်းမာပင်ခရိုင် အမှတ်(၁၅)တပ်ရင်းမှူးရဲ့ ထောက်ခံစာနဲ့ ကား (၂)စီးနဲ့ မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်မယ့် တော်လှန်ရေးရဲဘော် (၃)ဦးအပါအဝင် (၅)ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေနဲ့အတူ စိတ်ကြွဆေးပြား (၃)သန်း၊ ဘိန်းဖြူ (၁၁၀)ကီလိုဂရမ်အပြင် မောင်းပြန်သေနတ် (၂)လက်နဲ့ Starlink (၂)ခုတို့ကို သိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်ရာမှာ တာဝန်ခံတွေဖြစ်တဲ့ ဇော်လတ်(ခ)ဝင်းမော်နဲ့ ပုတီး(ခ)ကျော်မင်းဇော်တို့ဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိခဲ့သူတွေကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ CDF-HAKHA က ထုတ်ပြန်ထားပါတယ်။
ဟားခါးမြို့နယ်ထဲ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တာ၊ ဖြန့်ဖြူးရောင်းချတာ၊ သုံးစွဲတာနဲ့ သယ်ယူပို့ဆောင်သူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
