ကလေးငယ်အပါအဝင် ပြည်သူ (၆)ဦးသေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
ဇူလိုင်လ (၁၁)ရက်။
အခု (၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ စစ်ကောင်စီဟာ ကျောက်မဲမြို့ကို (၄)ကြိမ်၊ နောင်ချိုမြို့ သုံးဆယ်ရွာကို (၁)ကြိမ်၊ မိုးကုတ်မြို့ကို (၁)ကြိမ်နဲ့ သီပေါမြို့ကို (၁)ကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၆)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦးအပါအဝင် (၃၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီဖြစ်စဉ်တွေထဲ နေအိမ် (၅၀)လုံး၊ စာသင်ကျောင်း (၁)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက် (၃)နာရီအချိန်ကလဲ ကျောက်မဲမြို့ရှိ ကော်လီဟိုတယ်၊ မြို့မရဲစခန်းနဲ့ ခရိုင်ရဲရုံးဘက်တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၃)လုံး ကြဲချခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အမျိုးသား (၁)ဦးသေဆုံးခဲ့သလို (၅)ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၄)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
