ဇူလိုင်လ (၁၄)ရက်။
ဇွန်လ (၂၄)ရက်နေ့ကစပြီး ဒီကနေ့အထိ နောင်ချိုမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဇွန်လ (၂၄)ရက်ကစပြီး အခုအချိန်အထိ နောင်ချိုမြို့အနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အဲ့ဒီအထဲ တောင်ခမ်းကနေ နောင်ချိုမြို့ထိုးစစ်မှာ စစ်ကောင်စီတပ်သားတွေ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်” လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ ပြီးခဲ့တဲ့ ဇွန်လက တောင်ခမ်းကနေ နောင်ချိုမြို့ထိုးစစ်မှာ စစ်ကောင်စီတပ်သား အများအပြားဟာ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး တောင်ခမ်းကနေ နောင်ချိုမြို့ထိုးစစ်မှာ တိုက်ပွဲဝင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေထဲ ပေါ်တာဆွဲခံရတဲ့ တပ်သား အများအပြားပါရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ထိုးစစ်မှာ စစ်ကောင်စီတပ်သားတွေ အများအပြား အလင်းဝင်တာတွေရှိသလို အများအပြား ထွက်ပြေးတာတွေလဲ ရှိတယ်လို့ အလင်းဝင်လာတဲ့ တပ်သားတွေက ပြောဆိုထားပါတယ်။
အခုလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို သူတို့ရဲ့ဆန္ဒအရ နေရပ်ကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပြီး စစ်ကောင်စီဟာ အသက်အပိုင်းအခြားမရှိ၊ ရောဂါရှိသူတွေပါ အိမ်ပေါ်ထိတက်ပြီး ဖမ်းဆီးတာတွေရှိတယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
မနေ့က ညနေပိုင်းအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့စွန်အထိ ဝင်ရောက်လာခဲ့ပြီး စစ်ကြောင်း (၂)ကြောင်းခွဲကာ အင်အား ထောင်ချီနဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။
