ဇူလိုင်လ (၁၈)ရက်။
ဒီကနေ့ နံနက် (၉)နာရီ (၄၈)မိနစ်အချိန်က ကျောက်မဲမြို့ အထက်ကြူရှောရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အထက်ကြူရှောရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချသွားတာ။ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်၊ နေအိမ်တွေလဲ ပျက်စီးသွားတာရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် (၈၇)နှစ်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၈)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ (၂၄)ရက်နေ့ကနေ ဇူလိုင်လ (၁၃)ရက်နေ့အထိ ကျောက်မဲမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ (၁၀)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေထဲ အမျိုးသား (၄)ဦးနဲ့ အမျိုးသမီး (၃)ဦး သေဆုံးခဲ့သလို (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၉၇)လုံး၊ စာသင်ကျောင်း (၄)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၃)ကျောင်း ပျက်စီးခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
