ဇူလိုင်လ (၃၀)ရက်။
ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်ခန့်က ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၉)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက်အစောပိုင်း (၁၂)နာရီ (၅၅)မိနစ်မှာ ရပ်ကွက်(၂)က ရာစုသစ်ဟိုတယ်ကို လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး လာကြဲသွားတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ် (၁)ဦးအပါအဝင် (၆)ဦးသေဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂)လုံးနဲ့ တည်းခိုခန်းအဆောက်အဦအချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလထဲ ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့တို့ကို လေကြောင်းနဲ့ စုစုပေါင်း (၂၈)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၁၅)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မနေ့ကလဲ မိုးကုတ်နဲ့ မိုင်းလုံမြို့တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းဆိုင်ရာ ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
