ဩဂုတ်လ (၁)ရက်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်စုစုပေါင်း (၆၃)မြို့နယ်ကို မင်းအောင်လှိုင်က ကာ/လုံကနေ အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုလို အရေးပေါ်အခြေအနေကြေညာတာဟာ လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းစေဖို့နဲ့ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့လို့ ဆိုပါတယ်။
မင်းအောင်လှိုင်က အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ မြို့နယ်တွေဟာ ကချင်မှာ (၅)မြို့နယ်၊ ကယားမှာ (၃)မြို့နယ်၊ ကရင်မှာ (၂)မြို့နယ်၊ ချင်းမှာ (၇)မြို့နယ်၊ စစ်ကိုင်းမှာ (၉)မြို့နယ်၊ မကွေးမှာ (၅)မြို့နယ်၊ မန္တလေးမှာ (၃)မြို့နယ်၊ ရခိုင်မှာ (၁၄)မြို့နယ်နဲ့ ရှမ်းမှာ (၁၅)မြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။
အရေးပေါ်အခြေအနေကြေညာတဲ့ မြို့နယ်တွေဟာ KIA၊ KNPP၊ KNU၊ ချင်းတော်လှန်ရေးတပ်တွေ၊ PDF၊ TNLA၊ AA နဲ့ MNDAA တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
နောက်ပြီး မင်းအောင်လှိုင်က အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့ မြို့နယ်တွေထဲ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ NDAA ထိန်းချုပ်နယ်မြေ မိုင်းလားမြို့နဲ့ UWSA ထိန်းချုပ်နယ်မြေ ဟိုပန်မြို့တို့လဲ ပါဝင်တာကို တွေ့ရပါတယ်။
ဒါ့အပြင် မနေ့က ဇူလိုင်လ (၃၁)ရက်နေ့ရက်စွဲနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးအမိန့်ကိုလဲ ထုတ်ပြန်ခဲ့ပြီး အရေးပေါ်အခြေအနေကြေညာခံရတဲ့ မြို့တွေမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က တိုင်းမှူးတွေကို စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးဖို့ အမိန့်ပေးထားပါတယ်။
သက်ဆိုင်ရာတိုင်းမှူးတွေအနေနဲ့ စစ်အုပ်ချုပ်ရေးဒေသတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေ ပြီးမြောက်အောင် ဆောင်ရွက်ဖို့နဲ့ ဒေသထဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစီရင်ခံတင်ပြဖို့ မင်းအောင်လှိုင်က ညွှန်ကြားထားပါသေးတယ်။
မင်းအောင်လှိုင်က အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်တွေကို ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။



