ဩဂုတ်လ (၁)ရက်။
မနေ့က နံနက် (၈)နာရီအချိန်မှာ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)နဲ့ CRPH တို့ ဗီဒီယိုကွန်ဖရင့်ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအပြင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ KPICT က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးထဲ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ KPICT ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက အခုနှစ်ထဲ လုပ်ငန်းဆောင်ရွက်တာတွေကို ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် KPICT က တာဝန်ရှိသူတွေက အဖွဲ့အစည်းရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တက်ရောက်လာသူတွေက တော်လှန်ရေးအောင်မြင်စေဖို့ စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ကိစ္စနဲ့ အနာဂတ်မှာ ချိတ်ဆက်လုပ်ဆောင်သွားနိုင်မယ့် လုပ်ငန်းစဉ်တွေအပေါ် အပြန်အလှန်ပြောကြားခဲ့ပါတယ်။
အခုလို တွေ့ဆုံခဲ့တဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ထုတ်ပြန်ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။
