နိုင်ငံထဲ နေထိုင်သူတွေ တည်ဆဲဥပဒေတွေ လိုက်နာကြဖို့ဆိုပြီး ပြောဆိုခဲ့
ဩဂုတ်လ (၂)ရက်။
စစ်ခေါင်းဆောင် မင်အောင်လှိုင်က အစိုးရအဖွဲ့ဆိုပြီး အသစ်ဖွဲ့စည်းကာ ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်ထားတဲ့ ညိုစောက မနေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအစည်းအဝေးမှာ ညိုစောက ဦးဆောင်ပြီး အစိုးရအဖွဲ့ဆိုပြီး ပြောင်းလဲဖွဲ့စည်းတာမှာ ပါဝင်တဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးထဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ ခိုင်မြဲရေးတို့ကို ဦးထိပ်ထားပန်ဆင် ထိန်းသိမ်းကာကွယ်ဖို့နဲ့ ကာလုံရဲ့ ဦးတည်ချက် (၄)ရပ်ကို အကောင်အထည်ဖော်ဖို့ သူက ပြောဆိုခဲ့ပါတယ်။
နောက်ပြီး အခုအခါ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲတာတွေ မရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် ကြိုးစားဖို့ဆိုပြီး ပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် နိုင်ငံထဲ နေထိုင်သူတွေအားလုံး ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်သွားနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားပြီး တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ ညိုစောက ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စအပါအဝင် မင်းအောင်လှိုင် ညွှန်ကြားခဲ့တာတွေကို ထပ်မံပြောဆိုခဲ့သလို ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကို ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဖို့ကိုလဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ညိုစောဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့မှာ အကြံပေးအနေနဲ့ မင်းအောင်လှိုင်က ခန့်အပ်ခဲ့သလို အခုထပ်မံဖွဲ့စည်းတဲ့ စစ်အစိုးရအဖွဲ့မှာတော့ စစ်ဘက်ကနေ အရပ်ဘက်ကိုပြောင်းပြီး ဝန်ကြီးချုပ်တာဝန် ပေးအပ်ခံခဲ့ရတာလို့ သိရပါတယ်။
