ဩဂုတ်လ (၂)ရက်။
ဇူလိုင်လ (၃၀)ရက်နေ့က ပဲခူးရိုးထဲရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပဲခူးရိုးမထဲက ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာတွေရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်” လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့် (၁)ဦးအပါအဝင် (၆)ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် (၆)လက်အပါအဝင် ကျည်တွေနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်ခဲ့တာအပြီးမှာ တော်လှန်ရေးမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်ရဲ့ အထိုင်နေရာကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးကို အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁)တပ်ရင်းနဲ့အတူ မဟာမိတ်တပ်ဖွဲ့ PIO/PIA နဲ့ Asho Chin Defense Force-ACDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
