ဩဂုတ်လ (၂)ရက်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတလတာထဲ စစ်ကောင်စီတပ်ဟာ တအာင်းပြည်ရှိ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေ့ါ၊ သီပေါ၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၂၇)ဦး သေဆုံးခဲ့ပြီး (၈၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁၁၆)လုံး၊ စာသင်ကျောင်း (၂)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဒီကနေ့ နံနက်ပိုင်းအချိန်က မိုးကုတ်မြို့အနောက်ပိုင်းမှာ ပြည်သူတွေ သွားလာနေကြတဲ့အချိန် စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
