ဩဂုတ်လ (၄)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီ (၂၃)မိနစ်အချိန်က ကျောက်မဲမြို့ရှိ ဈေးသစ်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်မဲ ရပ်ကွက်(၆)က ဈေးသစ်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲသွားတာ။ အဲ့ဒီမှာ အမျိုးသမီး (၃)ဦး ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ ရပ်ကွက်(၆)ရှိ ဈေးသစ်အနီးဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချခဲ့ကာ အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ဒေါ်ချော ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ဆေးခန်း (၁)ခန်းအပါအဝင် နေအိမ် (၃)လုံးနဲ့ ကား (၁)စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၆)ရက်နေ့ကစပြီး ဩဂုတ်လ (၃)ရက်နေ့အထိ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၈)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ပြည်သူ (၃)ဦး သေဆုံးပြီး (၁၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာကြဖို့ကြိလဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
