နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

အန်နာ့စ် အယ် ရှာရစ်ဖ် (Anas Al-Sharif) သည် ဂါဇာတွင် သန်းပေါင်းများစွာသောလူများ၏ စစ်ပွဲအတွင်း မျက်နှာစာပြယုဂ် ဖြစ်လာခဲ့ပြီးနောက် အစ္စရေးတွေက သူ့ကို သတ်ပစ်လိုက်သည်

CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၃ ရက်

ဂါဇာကမ်းမြောင်ဒေသတွင် ဇန်န၀ါရီလက အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားစဉ်၊ အန်နာ့စ် အယ် ရှာရစ်ဖ်သည် ရုပ်မြင်သံကြားတွင် ၎င်း၏ အင်္ကျီပေါ်ရှိ ကျဥ်ကာအကွယ် ပစ္စည်းများကို တခုချင်းဖယ်ရှားနေပုံကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး ရွှင်မြူးသော လူအုပ်ကြီးက ဝိုင်းရံထားသည့် ပါလက်စတိုင်း ၂ သန်း၏ ဆင်းရဲဒုက္ခအဆုံးသတ်မည့်နေ့ကို မျှော်လင့်ကာ ရွှင်မြူးစွာ အော်ဟစ်နေခဲ့သည်။

ခုနစ်လနီးပါးကြာပြီးနောက် အစ္စရေးက အယ်လ်ဂျာဇီးရားသတင်းထောက်နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်လေးဦးကို ဂါဇာစီးတီးတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။


ဂါဇာရှိ အကျော်ကြားဆုံးလူသိများသည့် ပါလက်စတိုင်း သတင်းထောက်များထဲမှ တစ်ဦး ဖြစ်သလို စစ်ပွဲအတွင်း အစ္စရေးမှ သတ်ဖြတ်ခံရသည့် သတင်းထောက် ဒါဇင်များစွာထဲမှ တစ်ဦးဖြစ်သည့် အယ် ရှာရစ်ဖ် သေဆုံးမှုသည် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုနှင့် တာဝန်ခံမှု ရှိရန် တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့သည်။

အစ္စရေးက နိုင်ငံတကာ မီဒီယာများကို ပိတ်ပင်ထားသော်လည်း အသက် ၂၈ နှစ်အရွယ်ရှိသူသည် ဂါဇာကမ်းမြောင်ဒေသ၏ မျက်နှာစာအဖြစ် သန်းနှင့်ချီသော လူများ၏ဆင်းရဲဒုက္ခကို တင်ပြရင်း ထင်ရှားကျော်ကြားလာခဲ့သည်။ စစ်ပွဲမဖြစ်မီက လူသိနည်းသူဘဝမှ ပဋိပက္ခနှင့် ၎င်း၏ လူသားချင်းစာနာမှုဆိုင်ရာ နေ့စဉ်အကြပ်အတည်းကို တင်ပြနေမှုကြောင့် အာရပ်ကမ္ဘာရှိ အိမ်ထောင်စုတိုင်းက သူ့အမည်ကို သိလာကြသည်။

၎င်း၏ အစီရင်ခံတင်ပြချက်များသည် နယ်မြေအတွင်း ခဏတာ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေး ဓားစာခံများ လွတ်မြောက်ရေးနှင့် ကမ္ဘာကြီးကို ထိတ်လန့်စေသည့် ငတ်မွတ် ခေါင်းပါးမှု ဇာတ်လမ်းများ အပါအဝင် ပဋိပက္ခတွင် အရေးပါသော အခြေအနေများကို တင်ပြနိုင်ခဲ့သည်။

၎င်း၏ဇာတိမြို့ ဂျာဘာလ်ရာ (Jabalya)တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို သူကဆိုရှယ် မီဒီယာတွင် တင်ပြခဲ့ပြီးနောက် ထိုသတင်းသည် လျှင်မြန်စွာ ပျံ့နှံ့လာခဲ့ပြီး နောက် အယ်လ်ဂျာဇီးရား သတင်းဌာနမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အယ်လ်ရှာရစ်ဖ်အား သတင်းထောက်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက်တွင် ပရော်ဖက်ရှင်နယ် ကင်မရာ မင်းတစ်ဦး အဖြစ်စတင်ခဲ့စဥ် သူသည် အစပိုင်းတွင် လေလှိုင်းထဲတွင် ပေါ်လာရန် ဝန်လေးခဲ့သော်လည်း ၎င်း၏ အစီရင်ခံ တင်ပြချက်များကို ရှေ့ရှုရန် လုပ်ဖော်ကိုင်ဖက်များက အားပေးတိုက်တွန်းသဖြင့် လူရှေ့ထွက် သတင်းတင်ပြသူ ဖြစ်လာခဲ့သည့် အတွေ့အကြုံကို သူက “ပြောပြ၍မရသော အတွေ့အကြုံ” ဟု ခေါ်ဆိုခဲ့သည်။

“နိုင်ငံတကာချန်နယ်တစ်ခုမှာတင်ပြဖို့မပြောနဲ့ ပြည်တွင်းချန်နယ်မှာတောင် တစ်ခါမှ မပေါ်ခဲ့ ဖူးပါဘူး” ဟု ဖေဖော်ဝါရီတွင် သူပြောခဲ့သည်ကို Sotour မီဒီယာ၌ ကိုးကား ဖော်ပြ ခဲ့သည်။ “ အပျော်ဆုံးလူက ကွယ်လွန်သွားတဲ့ ကျွန်တော်အဖေပဲ” ဟုအယ် ရှရစ်ဖ်က ဆိုခဲ့သည်။ အယ်ရှရစ်ဖ်သည် အယ်ဂျာဇီယာသတင်းတွင် စတင်ပေါ်ထွက်လာပြီးနောက် များမကြာမီ တွင် ဂျာဘာယာ (Jabalya) ကို အစ္စရေး လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း ၎င်း၏ ဖခင်သည် သေဆုံးသွားခဲ့သည်။

သူသည် ကလေးနှစ်ယောက်၏ ဖခင်တစ်ယောက်ဖြစ်ပြီး သူအလုပ်စဝင်ကတည်းက နေ့တိုင်းနီးပါး ရုပ်သံလိုင်းမှာ သူ့သတင်းတက်ဆက်မှု ပေါ်လာခဲ့သည်။

“ ကျွန်တော်တို့ (သတင်းထောက်) တွေက ဆေးရုံတွေ၊ လမ်းတွေပေါ်မှာ၊ ကားတွေထဲမှာ၊ လူနာတင်ကားတွေထဲမှာ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့ ဂိုဒေါင်တွေထဲမှာ အိပ်ကြတယ်။ နေရာ ၃၀ ကနေ ၄၀ လောက်မှာ အိပ်တယ်” လို့ သူက သတင်းဌာနကို ပြောခဲ့သည်။

ဇန်န၀ါရီလတွင် ၎င်း၏ ကျဥ်ကာဝတ်စုံကိုချွတ်၍ လေပေါ်လွှင့်ပစ်တင်ပြီးနောက် လူအုပ်ကြီးက သူ့ကို ပခုံးပေါ်တင်ကာ ဂုဏ်ပြုခဲ့ကြသည်။

“ကျွန်တော့်ကို ပင်ပန်းစေခဲ့တဲ့ ခမောက်ကို ချွတ်လိုက်ပြီး၊ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့ ဒီချပ်ဝတ်တန်ဆာကို ချွတ်လိုက်ပါတယ်” ဟုပြောပြီး ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုတွင် သေဆုံးဒဏ်ရာရရှိခဲ့သော လုပ်ဖော်ကိုင်ဖက်များအား ဂုဏ်ပြုသောအားဖြင့် ထိုအချိန်က Al Jazeera တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အယ်လ်ရှာရစ်ဖ်၏ အစီရင်ခံစာများက အစ္စရေးစစ်တပ်ကို အာရုံစူးစိုက်မှုလာစေခဲ့ပြီး အယ်လ်ဂျာဇီးရားအတွက် ၎င်း၏လုပ်ဆောင်မှုများကို ရပ်တန့်ရန် သတိပေးခံခဲ့ရသည် အယ်လ်ဂျာဇီးရားကွန်ရက်တွင်အလုပ်လုပ်နေသော ဂါဇာရှိ သတင်းသမား ဝန်ထမ်း အများအပြား အစ္စရေးတိုက်ခိုက်သတ်ဖြတ်မှုကြောင့် ဆုံးရှုံးခဲ့ရပြီးထိုသူများထဲတွင် မနှစ်က သတ်ဖြတ်ခံခဲ့ရသည့် အစ္စမေးလ် အယ်လ်ဂိုလ် (Ismail Al Ghoul) နှင့် မတ်လတွင် အသတ်ခံခဲ့ရသည့် ဟိုဆန် ရှာဘက် (Hossam Shabat) တို့ ပါဝင်သည်။

“နောက်ဆုံးတော့၊ (အစ္စရေးစစ်တပ်) က ကျွန်တော့်ရဲ့ WhatsApp နံပါတ်ထဲကို အသံသွင်းပြီးသတိပေးစကားတွေ ပို့ခဲ့တယ် ထောက်လှမ်းရေးအရာရှိက ကျွန်တော့်ကို ပြောတယ်…မင်းအခုနေရာကထွက်သွားဖို့ မိနစ်လောက်ပဲ အချိန်ရတယ် တောင်ဖက်ကိုသွား နောက်အယ်ဂျာဇီယာကို သတင်းပို့တာကို ရပ်လိုက် လို့ပြောခဲ့တယ် အဲဒီအချိန်မှာ ကျွန်တော်က ဆေးရုံကနေ တိုက်ရိုက်အသံလွှင့်နေခဲ့တယ်၊ မိနစ်အနည်းငယ်အကြာမှာ ကျွန်တော်နေနေတဲ့ အခန်းကို လာမှန်တယ်.” ဟု ၎င်းက ပြောသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် CNN ၏မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါ။

အယ်လ်ရှာရစ်ဖ်သည် လွန်ခဲ့သော ၁၀ လက ဟားမတ်စ်နှင့် ဆက်နွှယ်မှုရှိသည်ဟု အစ္စရေးက ပထမဆုံး စွပ်စွဲခဲ့သည်။ သူ့ကို အခုမှ ဘာကြောင့် ပစ်မှတ်ထားဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါ။

၎င်း၏ ပစ်မှတ်ထား သတ်ဖြတ်မှုကို အတည်ပြုသည့် ကြေညာချက်တွင် IDF သည် “အစ္စရေး အရပ်သားများနှင့် IDF တပ်ဖွဲ့များကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း” ဟူသော ဂါဇာရှိ ဟားမတ်စ်အဖွဲ့ကို ဦးဆောင်နေသူ အယ်လ်ရှာရစ်ဖ်အား စွပ်စွဲခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးစစ်တပ်သည် ဟားမတ်စ်နှင့် အယ်လ်ရှာရစ်ဖ် ၏ ဆက်ဆံရေးကို အထောက်အထားများအဖြစ် ထုတ်ပြန် သက်သေပြရာတွင် အခြားသော အယ်ဂျာဇီယာ ဂျာနယ်လစ်ငါးဦးကိုပူးတွဲ၍ စစ်သွေးကြွအဖွဲ့၏ အစိတ်အပိုင်း ဖြစ်သည်ဟု စွပ်စွဲထားသည့် စာရွက်စာတမ်းများကို အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ အယ်လ်ရှာရစ်ဖ်သည် ဟားမတ်စ်တပ်ရင်းသို့ ၂၀၁၃ တွင် ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လေ့ကျင့်ရေးတွင် ဒဏ်ရာရခဲ့ကြောင်း X ၏ ဗီဒီယိုတွင် အစ္စရေးစစ်တပ် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားရာတွင် IDF ၏ပြောဆိုချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အယ်လ်ရှာရစ်ဖ်က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အိုင်ရင်းခန်းကလည်း ၎င်းတို့ကို ပယ်ချခဲ့သည်။

“ကျွန်တော် ထပ်လောင်းအတည်ပြုပါတယ် ကျွန်တော် အန်နာ့စ် အယ်လ်ရှာရစ်ဖ်ဟာ နိုင်ငံရေးနဲ့ ဆက်နွယ်မှုမရှိတဲ့ သတင်းထောက်တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော တာဝန်ကတော့ ဘက်လိုက်မှုမရှိဘဲ အမှန်တရားကို မြေပြင်ကနေ သတင်းပို့ဖို့ပါပဲ” ဟု ပြီးခဲ့သည့်လက ရေးသားခဲ့သည်။ “ဂါဇာကမ်းမြောင်ဒေသမှာ သေစေလောက်တဲ့ အငတ်ဘေးကြီး ဆိုးဆိုးရွားရွား ဖြစ်နေတဲ့အချိန်မှာ အမှန်တရားကို ဟောပြောခြင်းဟာ သိမ်းပိုက်မှုရဲ့အမြင်မှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။”

သတ်ဖြတ်မှုအပြီးတွင်၊ IDF ၏ အာရပ်ပြောရေးဆိုခွင့်ရှိသူက အစ္စရေးတွင် လူပေါင်း ၁၂၀၀ ခန့် သေဆုံးပြီး၂၅၀ခန့် ဓားစာခံအဖြစ် ဖမ်းထားသော ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါ (Yahya Sinwar) နှင့်အတူ အယ်လ်ရှာရစ်ဖ်၏ ဓာတ်ပုံအများအပြားကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးက ဆင်ဝါ(Sinwar) ကို သတ်ခဲ့သည်။

CNN သည် ဂါဇာတွင် စစ်မဖြစ်မီက အယ်လ်ရှာရစ်ဖ်သည် ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ် မီဒီယာအဖွဲ့အတွက် အလုပ်လုပ်ခဲ့သည်။ လွန်ခဲ့သည့်လများစွာက အသံသွင်းထားသည့် အသံတစ်ခုတွင် အယ်လ်ရှာရစ်ဖ်သည် ဟားမတ်စ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ ချမှတ်ထားသော ရပ်တည်ချက်ကို ဝေဖန်သံများ ကြားနိုင်သည်။

တနင်္ဂနွေနေ့တွင် အသတ်ခံရချိန်တွင် အယ်လ်ရှာရစ်ဖ်သည် Al-Shifa ဆေးရုံဝင်ပေါက်အနီးရှိ အခြား သတင်းထောက်များနှင့်အတူ တဲတစ်လုံး၌ ရှိနေခဲ့ကြောင်း ဆေးရုံဒါရိုက်တာ ဒေါက်တာ မိုဟာမက် အဘူဆာလ်မီယာ (Mohammad Abu Salmiya) မှ ပြောကြားခဲ့သည်။

တဲကို ‘သတင်းသမား’ ဆိုင်းဘုတ်ဖြင့် မှတ်သားထားကြောင်း အဘူဆာလ်မီယာ က CNN သို့ ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ခိုက်မှုအတွင်း သတင်းထောက် Mohammed Qreiqeh နှင့် ဓာတ်ပုံသတင်းထောက် Ibrahim Al Thaher နှင့် Moamen Aliwa တို့လည်း သေဆုံးခဲ့ကြောင်း အယ်လ်ဂျာဇီးရားနှင့် အခြားဝန်ထမ်းတစ်ဦးဖြစ်သူ Mohammed Noufal က ပြောကြားခဲ့သည်။

“ သတင်းသမားတွေကို အပြစ်တင်တဲ့ပုံစံ”
အယ်လ်ရှာရစ်ဖ် သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ရှုတ်ချခဲ့သည်။ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက အစ္စရေးတွင် “ယုံကြည်ရလောက်သော သက်သေမပြဘဲ ဂျာနယ်လစ်များကို အကြမ်းဖက်သမားများဟု စွပ်စွဲသည့် ကာလကြာရှည်စွာ မှတ်တမ်းတင်ထားသော ပုံစံတစ်ခုရှိသည်” ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်နီးပါးက စစ်ပွဲစတင်ကတည်းက သတင်းထောက် ၁၉၂ ဦး အသတ်ခံခဲ့ရကြောင်း CPJ က ပြောကြားပြီး “အဲဒီဂျာနယ်လစ် ၁၈၄ ဦးဟာ အစ္စရေးက သတ်ဖြတ်ခဲ့တဲ့ ပါလက်စတိုင်းနိုင်ငံသားတွေပါပဲ” ဟု CPJ မှ ပြောကြားခဲ့သည်။

စစ်ပွဲစတင်ကတည်းက အစ္စရေးသည် နိုင်ငံတကာ သတင်းထောက်များကို ဂါဇာသို့ ဝင်ရောက်ပြီးလွတ်လပ်စွာ သတင်းပေးပို့ခွင့်ကို မပြုခဲ့ပေ။

အယ်လ်ရှာရစ်ဖ်နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များအား လုပ်ကြံသတ်ဖြတ်ခြင်းမပြုမီ နာရီပိုင်းအလိုတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုင်ငံခြား သတင်းထောက်များကို ဂါဇာသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော်လည်း အစ္စရေးစစ်တပ်၏ ခွင့်ပြုချက်ဖြင့်သာ ၎င်းတို့နှင့်အတူ လိုက်ပါသွားကာ စစ်ပွဲအစကတည်းက ကျင့်သုံးခဲ့သည့် တူညီသော ယခင်မူဝါဒကို ထည့်သွင်းပြောကြားခဲ့သည်။

ကာတာအခြေစိုက် Al Jazeera သည် ပဋိပက္ခအတွင်း ဂါဇာမှ တိုက်ရိုက်ထုတ်လွှင့်နေသည့် ကမ္ဘာလုံးဆိုင်ရာ သတင်းအနည်းငယ်ထဲမှ တစ်ခုဖြစ်ပြီး ပြည်တွင်းအလွတ်သတင်းထောက်များကို အဓိကအားကိုးသည့် အခြားသူများနှင့် မတူဘဲ၊ အာရပ်ကမ္ဘာတွင် ကြည့်ရှုမှုအများဆုံး ချန်နယ်တစ်ခုအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၏ စဉ်ဆက်မပြတ် လွှမ်းခြုံမှုကို ပါလက်စတိုင်းနှင့် အာရဗီစကားပြော ပရိသတ်များကြား သိသာထင်ရှားစွာ ကြည့်ရှုသူ များပြားခဲ့သည်။
ကွန်ရက်၏ YouTube ချန်နယ်တွင် စာရင်းသွင်းသူ ၂၁ သန်းကျော်နှင့် ကြည့်ရှုမှု ၁၆ ဘီလီယံနီးပါးရှိပြီး တိုက်ရိုက်ထုတ်လွှင့်မှုနှင့်အတူကြည့်ရှုသူသန်းပေါင်းများစွာကို ဆွဲဆောင်နိုင်သည်။

အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာရှိ နာမည်ကြီး သတင်းထောက် အများအပြား သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းတို့တွင် အယ်လ်ရှာရစ်ဖ်သည် ကွန်ရက်တွင် ထင်ရှားကျော်ကြားခဲ့သည်။ ဂါဇာဗျူရိုအကြီးအကဲဟောင်း Wael Al Dahdouh သည် ဒဏ်ရာများရရှိကာ မိသားစုအများစု သေဆုံးပြီးနောက် ကာတာသို့ ရွှေ့ပြောင်းခံခဲ့ရသည်။

ထို့နောက် အယ်လ်ရှာရစ်ဖ်သည် ဂါဇာတဝှမ်းတွင် လှည့်လည်သွားလာနေသော သတင်းထောက်တစ်ဦးအဖြစ် ပေါ်ထွက်လာပြီး အယ်လ်ဂျာဇီးရား၏ မြောက်ဘက်ပိုင်းမှ တိုက်ရိုက်သတင်းများကို တင်ဆက်ပေးခဲ့သည်။ ပါလက်စတိုင်းစစ်ပွဲအတွင်း သေဆုံးသူအရေအတွက်ကို မီးမောင်းထိုးပြသည့် ၎င်း၏ Telegram ချန်နယ်တွင်လည်း ဗီဒီယိုများကို ပုံမှန်တင်ခဲ့သည်။

အစ္စရေးအစိုးရသည် နိုင်ငံလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု ယူဆရသည့် ပြည်ပမီဒီယာ အဖွဲ့အစည်းများကို ပိတ်ပင်သည့် ပြင်းထန်သော စစ်အတွင်းဥပဒေသစ်အရ အစ္စရေးသည် ပြီးခဲ့သောနှစ်တွင် အယ်လ်ဂျာဇီးယားသတင်းဌာနကို နိုင်ငံအတွင်း သတင်းယူခြင်းမပြုရန် တားမြစ်ခဲ့သည်။

အယ်လ်ရှာရစ်ဖ်ကို ဂါဇာတွင် တနင်္လာနေ့က ဈာပနတွင် မြှုပ်နှံခဲ့ပြီး ဝမ်းနည်းပူဆွေးနေသော ပါလက်စတိုင်း လူအုပ်ကြီးကို ဆွဲဆောင်ခဲ့သည်။


သူ့ကိုယ်သူ အစ္စရေးက အသေသတ်မယ်လို့ မှန်းဆပြီး အလ်-ရှာရစ်ဖ်က သူအသတ်ခံရ ပြီးနောက် သူ့လုပ်ဖော်ကိုင်ဖက်တွေက ထုတ်ပြန်ပေးစေလိုတဲ့ သူ့ဆန္ဒကို ရေးသားထားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 13 Views
ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၆ရက် အမေရိကန်ပြည်ထောင်စုမှ အဆိုပြုထားသည့် ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ နောက်ဆုံးပေါ် တိုးတက်မှုများမှာ အောက်ပါအတိုင်း
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့်
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 27 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏ အင်အား အကြီးဆုံး စစ်တပ်ကို တည်ဆောက်မည်ဟု ကတိပြုခဲ့သည် – ၎င်းသည် နှစ်ပေါင်းများစွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒီအပတ် စနေ/တနင်္ဂနွေ နိုင်ငံတကာ သတင်း အချက်အလက် အကျဉ်းချုပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 41 Views
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် အမေရိကန် (USA) အမေရိကန်-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်။ သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် တစ်ရပ်ကို တင်သွင်းခဲ့ပြီး
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 50 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်၏ ယူကရိန်းအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်တွင် မြေယာစွန့်လွှတ်မှုနှင့် စစ်ရေးလျှော့ချရေးတို့ လိုအပ်မည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 46 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၁ရက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အစိုးရအဖွဲ့သစ်ဖြစ်လာမည့် ထရမ့်၏ စီမံချက်အရ ကိ့ဗ် (Kyiv) အနေဖြင့် ရုရှားကို နယ်မြေများ စွန့်လွှတ်ပေးရမည်၊ ကရင်မလင် မှ အင်အားသုံး သိမ်းပိုက်ထားသော ခရိုင်မီးယား နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ လက်ရှိ အခြေအနေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 49 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အခုလက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ပွဲက ဆက်လက် ပြင်းထန်နေဆဲပါ။ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတိုက်ပွဲနေရာတွေမှာ အဓိက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး၊
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 47 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဖိုင်များ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ရန် ညွှန်ကြားသည့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင်