ဩဂုတ်လ (၁၄)ရက်။
ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ကားတွေ ဆိုင်ကယ်တွေနဲ့ ရွှေဆိုင်ကိုလာပြီး ဓါးပြတိုက်တာ။ ဓါးပြတိုက်ခံရတဲ့ ရွှေစင်ရွှေဆိုင်ကလဲ ဦးဝိစာရလမ်းပေါ်မှာရှိတာ၊ လူစည်ကားတဲ့အချိန် တိုက်သွားတာ။ တယောက်မိတယ်ကြားတယ်။ ပစ္စည်းပါမပါကတော့ မသိဘူး” လို့ ဆိုပါတယ်။
ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်လော်ဘီချန်နယ်တွေကလဲ ရေးသားထားကာ ဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကျူးလွန်သူတဦးကို သေနတ်တလက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဓါးပြတိုက်မှုကျူးလွန်ရာမှာ လူဘယ်နှစ်ယောက် ပါဝင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးသလို ရွှေထည်ပစ္စည်းတွေ မပါရှိသွားဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဓါးပြတိုက်ခံရတဲ့ဖြစ်ဉ်တွေ မကြာခဏ ဖြစ်ပွားနေပေမယ့် ကျူးလွန်သူတွေကိုတော့ ထိထိရောက်ရောက် ဖမ်းဆီးနိုင်တာ မရှိဘူးလို့ သိရပါတယ်။
