ဩဂုတ်လ (၁၅)ရက်။
မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည (၁၀)နာရီလောက် လှိုင်သာယာ(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အကြမ်းဖက်စကစရဲ့ ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ အုပ်ကြီးနဲ့ အပေါင်းအပါတွေကို လုံခြုံရေးယူပေးထားတဲ့ စခ၊ရခတွေကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောက်စီတပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေတာကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်တဲ့အခြေအနေကိုတော့ မသိရသေးဘဲ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ရဲဘော်တွေအနေနဲ့ ဘေးကင်းရာကို ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။
နောက်ပြီး မင်းအောင်လှိုင် အာဏာတည်မြဲဖို့အတွက် ပြည်သူကို ဖိနှိပ်ပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားနေသူတိုင်းဟာ မြို့ပြ UG တွေရဲ့ ရန်သူဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအောင်မြင်ဖို့ ဆောင်ရွက်ပေးနေသူတွေအနေနဲ့ လုပ်ဆောင်တာတွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ မလိုက်နာရင် ချေမှုန်းသုတ်သင်ခံရမယ်ဆိုပြီး သတိပေးထားတယ်လို့ သိရပါတယ်။
