ဩဂုတ်လ (၁၇)ရက်။
ဩဂုတ်လ (၈)ရက်နေ့က မန္တလေး အိုးဘိုထောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ သေဆုံးသူတွေမှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးနဲ့ အခြားအကျဉ်းသား (၄)ဦးတို့ဖြစ်ပြီး အမျိုးသားအဆောင် (၄)နဲ့ (၆)တို့အပေါ် ကျရောက်ခဲ့တာလို့ ဆိုပါတယ်။
အခုလို ဗုံးကြဲတာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က ငြင်းဆိုခဲ့တဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို အဲ့ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်ဆိုကာ စွပ်စွဲ ရိုက်နှက်စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ အိုးဘိုထောင်ရှိ အမျိုးသားအဆောင်ပေါ် ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက် (၂၁)နှစ်ကနေ (၃၉)နှစ်အရွယ်တွေ ပါဝင်တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ဗုံးကြဲတာကြောင့် အခြားအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား (၄)ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့ပေမယ့် သူတို့ရဲ့ အခြားအချက်အလက်တွေကို စုံစမ်းနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို ထိပါးလာနေတဲ့ စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့ ထောင်ထဲရှိ အကျဉ်းသားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အပေါ် PPNM က အပြင်းအထန် ကန့်ကွက်ထားပါတယ်။
လူသားတဦးအနေနဲ့ ရရှိရမယ့် အသက်ရှင်သန်ပိုင်ခွင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းနဲ့မဆို ကြိုးစားသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

