ဩဂုတ်လ (၁၇)ရက်။
ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက မနေ့က ဝါဒဖြန့်ရေးသားနေကြတယ်လို့ သိရပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်တာထဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးသွားတယ်ဆိုတာကို ထိုင်းနိုင်ငံဆေးရုံအသိုင်းအဝိုင်းက ဆေးရုံရောက်လာတဲ့ ဒဏ်ရာရ KNU တွေဆီကနေ သိရတာဆိုပြီး ပြောဆိုထားပါတယ်။
စစ်လော်ဘီတွေရဲ့ သတင်းတွေမှာ KNU ဗဟိုဌာနချုပ်ကို လေကြောင်းကနေ ဗုံး (၂၀)လုံး ကြဲချခဲ့တာကြောင့် ချက်ခြင်းသေဆုံးသူ (၇၀)ဦးနဲ့ ဒဏ်ရာရသူတွေထဲက (၃၀)ဦး ထပ်မံသေဆုံးခဲ့တယ်ဆိုပြီးလဲ ဖော်ပြထားပါသေးတယ်။
KNU ဌာနချုပ် လေကြောင်းကနေ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ သေဆုံးသူတွေထဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ပါဝင်တယ်ဆိုတာ မဟုတ်မမှန်သတင်းသာဖြစ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ဒီကနေ့မှာ အတည်ပြုထားပါတယ်။
“ ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုတာ မဟုတ်မမှန်သတင်းတွေ စစ်တပ်က ထုတ်လွှင့်နေတာ။ မုသာဝါဒ ဖြန့်ချီနေတာ။ မိုးလုံးပြည့် မုသာဝါဒသက်သက်ပါ” လို့ သူက သတင်းဌာနတွေမှာ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ထောက်ခံတဲ့ သတင်းဌာနတခုဖြစ်တဲ့ NOM ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးသူဟာ ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့ သားမက်ဖြစ်တယ်ဆိုပြီး ပြင်ဆင်ရေးသားထားပါတယ်။
အခုအခါ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ရရှိဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
