ဩဂုတ်လ (၁၈)ရက်။
ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ကျင်းပသွားမယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
စစ်တပ်က ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားဖို့ စီစဉ်ထားတာကြောင့် ဆက်လက်ကျင်းပမယ့် အပိုင်းလိုက် နေ့ရက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျင်းပသွားမယ်ဆိုပြီး ကြေညာထားသလို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာပါ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
နောက်ပြီး စစ်တပ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အနေနဲ့ မြို့နယ် (၃၃၀)ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အနေနဲ့ မြို့နယ် (၁၁၀)ခု၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အနေနဲ့ (၃၆၄)ခုနဲ့ လူမျိုးစုမဲဆန္ဒနယ်အနေနဲ့ (၂၉)ခု သတ်မှတ်ထားပါတယ်။
စစ်တပ်က ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျင်းပသွားမယ်လို့ ကြေညာထားပေမယ့် တဖက်မှာတော့ တိုင်းရင်းသားနယ်မြေအများစုကို လက်လွှတ်ထားရတာတွေရှိသလို ကျန်တဲ့ဒေသအများအပြားမှာလဲ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အခုလို စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ဟန်ပြသာဖြစ်ပြီး ပြည်တွင်းပဋိပက္ခကို ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။
