ဩဂုတ်လ (၂၀)ရက်။
စစ်ကောင်စီကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ သူတို့ရဲ့ တရားမဝင်အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ကြံစည်ထားတာလို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကော်မရှက်အနေနဲ့ တရားဝင်အစိုးရမဟုတ်သလို ဘယ်လိုရွေးကောက်ပွဲကိုမဆို ကျင်းပပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ အာဏာသိမ်းတဲ့အချိန်ကစပြီး ပြည်သူတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ လူသားဒိုင်းအသုံးပြုတာ၊ မီးရှို့ဖျက်ဆီးတာ၊ ဗုံးကြဲတာနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေကို ဒီကနေ့အထိ ကျူးလွန်နေတယ်ဆိုတာ အားလုံးအသိပဲလို့ ဖော်ပြထားပါတယ်။
နောက်ပြီး အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သူ သန်းချီရှိနေချိန်မှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးတာ၊ မဲပေးတာတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲဖြစ်အောင် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ လုံးဝမရှိနိုင်ဘူးလို့ ရေးသားထားပါတယ်။
အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ စစ်ကော်မရှင်နဲ့ သူတို့အသိုင်းအဝိုင်းကိုသာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားမပြုနိုင်သလို ရွေးကောက်ပွဲက ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာက စစ်အာဏာရှင်စနစ် အာဏာသက်ဆိုးရှည်စေဖို့ ကူညီတာ၊ ပြည်သူအပေါ် သတ်ဖြတ်တာတွေ ဆက်ကျူးလွန်နိုင်ဖို့ အားပေးရာရောက်ပြီး စစ်ကော်မရှင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်သူတွေအနေနဲ့ သတ်မှတ်ခံရလိမ့်မယ်လို့လဲ သတိပေးထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့တွေအနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြဖို့နဲ့ အသိအမှတ်မပြုကြဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။
ICNCC အနေနဲ့ ချင်းပြည်သူတွေ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ရေးကို အာမခံတဲ့ နိုင်ငံရေးစနစ်သစ်ကို ပုံဖော်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းလာစေဖို့ ပြည်သူတွေ ပံ့ပိုးပေးကြဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ဆန့်ကျင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
