ဩဂုတ်လ (၂၀)ရက်။
မနေ့ကစပြီး ကရင်နီပြည် ဒီမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့ ဒီမော့ဆိုတဝိုက်နဲ့ ဒီမော့ဆိုမြို့ကို ပြန်ရရှိဖို့ စစ်တပ်စစ်ကြောင်းတွေက ဩဂုတ်လ (၄)ရက်နေ့ကစပြီး လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။
ဒီမော့ဆိုမြို့ကို ပြန်ရဖို့ စစ်တပ်စစ်ကြောင်းတွေက ထိုးစစ်ဆင်ခဲ့တာမှာ စစ်ဆင်ရေးကာလ (၁၆)ရက်ထဲ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၃)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
အခုအခါ စစ်တပ်က လွိုင်ကော်နဲ့ ဒီမော့ဆိုကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ရှင်းလင်းနေပြီး မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်ဆိုပြီးတော့လဲ ရေးသားထားပါတယ်။
စစ်တပ်ဘက်က ဒီမော့ဆိုမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ ကြေညာလာပေမယ့် မြေပြင်မှာတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရကာ တော်လှန်ရေးတပ်တွေဘက်က တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
စစ်တပ်ဟာ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီဒေသတို့မှာ ရန်နိုင်မင်းစစ်ဆင်ရေးဆိုပြီး ဆောင်ရွက်နေကာ အဲ့ဒီစစ်ဆင်ရေးထဲ ဆီဆိုင်မြို့၊ မိုးဗြဲမြို့နဲ့ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းတခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
