ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူစောထီးမိသားစုဝင် (၁၉၀)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်
ဩဂုတ်လ (၂၀)ရက်။
ဩဂုတ်လ (၁၅)ရက်နေ့က မော်လိုက်မြို့နယ် ထော်သာရွာပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထော်သာရွာမှာ ပျူစောထီးခေါင်းဆောင် အဲပန် ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချနေထိုင်ကာ မော်လိုက်ခရိုင်တပ်ရင်း(၂၊၄)နဲ့ ဖောင်းပြင်မြို့နယ်ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစခန်းကို သိမ်းပိုက်နေချိန် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ဖလက်ခွံတွေပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့ အင်အား (၁၃၀)ခန့်နဲ့ တောင်းအင်ရွာက အင်အား (၅၀)ခန့်ဟာ စစ်ကူပေးဖို့ အင်းတပေါင်းရွာကို ထိုးစစ်ဆင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကူပေးဖို့ ထိုးစစ်ဆင်ခဲ့ပေမယ့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထော်သာရွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရရှိခဲ့သလို (၆၀)မမပြောင်းနဲ့ RPG အပါအဝင် လက်နက် (၂၃)လက်၊ ခဲယမ်းအချို့နဲ့ ငွေကျပ် သိန်း(၁၅၀)ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပျူစောထီးခေါင်းဆောင် အဲပန်အပါအဝင် ပျူစောထီးတွေရဲ့ မိသားစုဝင် (၁၉၀)ဦးကို ဖမ်းမိခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် (၂၀)ခန့် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲမှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ Yak-130 တစ်စီးနဲ့ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ စစ်ရေယာဉ်တွေပေါ်ကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

