ဩဂုတ်လ (၂၅)ရက်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအခြေအနေတွေထဲ ရှိနေတယ်လို့ ကနေဒါသံရုံးက ဒီကနေ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တဲ့ (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်ထဲ ရခိုင်မှာ အရှိန်အဟုန်မြင့်လာတဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေအပါအ၀င် အရပ်သားတွေအပေါ် ကျရောက်စေတဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေကို အထူးစိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ပဋိပက္ခတွေ အရှိန်မြင့်လာပြီး အရပ်သားတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေသလို ပဋိပက္ခမှာပါဝင်တဲ့ အခြားအဖွဲ့တွေကလဲ လူ့အခွင့်အရေးချိုးဖောက်ပြီး အရပ်သားတွေကို ထိခိုက်နစ်နာစေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံ အခြေအနေတွေက နိုင်ငံမဲ့ဖြစ်နေပြီး ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံးအုပ်စုတွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ မိမိသဘောဆန္ဒနဲ့အဘီ ဂုဏ်သိက္ခာရှိရှိ ရေရှည်ပြန်လည်အခြေချနိုင်ဖို့ အဆင်မပြေသေးဘူးလို့ ရေးသားထားပါတယ်။
နောက်ပြီး ၂၀၁၇ခုနှစ်မှစပြီး ကနေဒါနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ ပြည်သူတွေအပါအဝင် မြန်မာနိုင်ငံက အကျပ်အတည်းကျရောက်နေတဲ့ ပြည်သူတွေရဲ့ ခံနိုင်ရည်ကို မြှင့်တင်နိုင်ဖို့ နိုင်ငံတကာအကူအညီအထောက်အပံ့ ဒေါ်လာသန်း (၆၀၀)ကျော် ပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်လက်လက်ခံပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ပြီး ဒုက္ခသည်တွေရဲ့ အခွင့်အရေး၊ လိုအပ်ချက်တွေနဲ့ လက်ခံထားတဲ့ ပြည်သူတွေကိုလဲ ကူညီပံ့ပိုးပေးမယ်လို့ ပြောဆိုထားပါတယ်။
ကနေဒါနိုင်ငံအနေနဲ့ ရိုဟင်ဂျာအကျပ်အတည်း စတင်ချိန် ၂၀၁၇ခုနှစ်ကစပြီး ၂၀၂၅ခုနှစ် မတ်လ (၇)ရက်နေ့အထိ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူပိတ်ဆို့မှု (၁၁)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတဝှမ်း ဘေးကင်းပြီး လူသားချင်းစာနာမှုဆိုင်ရာ လက်လှမ်းမှီရရှိစေဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ကို ဦးစားပေး လုပ်ဆောင်ဖို့လဲ တောင်းဆိုထားတယ်လို့ သိရပါတယ်။
