ဩဂုတ်လ (၂၇)ရက်။
ဒီကနေ့မှာ နည်းဗျူဟာ(၃၃)နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ညီနောင်တပ်ဖွဲ့အနေနဲ့ ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အမှတ်(၁)စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ(၃၃)နဲ့ MSRF တို့ဟာ ဇူလိုင်လ (၁၃)ရက်နေ့က စကခ(၁၉) ဒရုန်းစစ်ဆင်ရေးကစပြီး မဟာမိတ်အနေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။
မဟာမိတ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ချိန်ကစပြီး (၂)နှစ်ကျော်ကာလထဲ စစ်ရေးဖော်ဆောင်မှုပေါင်း (၄၀)ခန့်နဲ့ စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲပေါင်း (၆)ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို (၂)နှစ်ကျော်ကြာ အတူစစ်ရေးဖော်ဆောင်လာခဲ့ပြီး ရဲဘော်ရဲဘက်တွေ အချင်းချင်းကြားမှာ သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနဲ့ ယုံကြည်မှုတွေဟာ ညီနောင်ပမာ ခိုင်မာပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ညီနောင်တပ်ဖွဲ့အနေနဲ့ အနာဂတ်တော်လှန်ရေးခရီးတွေမှာ တူညီတဲ့ရည်မှန်းချက်နဲ့ စစ်ရေးဖော်ဆောင်တာတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်အခြေအနေမှာမဆို အချင်းချင်း အသက်ပေးကာကွယ်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ညီနောင်တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်နဲ့ ဘယ်လိုအာဏာရှင်စနစ်မဆို အဆုံးထိ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ အတူတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
