ဩဂုတ်လ (၂၇)ရက်။
မနေ့က နံနက် (၁၀)နာရီ (၅၃)မိနစ်အချိန်က စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို BWM ရဲ့ မစ်ရှင်(၄၅)အနေနဲ့ ရှော့တိုက်ဒုံး (၅)လုံး ပစ်ခတ်ခဲ့တာမှာ (၄)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
စစ်ရှုံးစစ်ကောင်စီရဲ့ တပခကို BWM ဦးဆောင်ပြီး Mountain Knight Civilian Defense Force(MKCDF)၊ Anti-Coup People’s Liberation Force(ACPLF)နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲတို့က KNLA တပ်မဟာ(၂) တပ်ရင်း(၅)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တပခဟာ ကရင်၊ ကရင်နီနဲ့ ရှမ်းတောင်ရှိ တော်လှန်ရေးအင်အားစုတွေကို နည်းမျိုးစုံနဲ့ နှိမ်နင်းနေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အားထားရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
အခုလို တိုက်ခိုက်ခံရတာဟာ စစ်ကောင်စီတပ်အနေနဲ့ သူ့ရဲ့စစ်တိုင်းဌာနချုပ်ကိုတောင် ကာကွယ်နိုင်စွမ်းမရှိတဲ့ အခြေအနေကို ပေါ်လွင်စေတယ်လို့ BWM က ပြောဆိုထားပါတယ်။
ဒါ့အပြင် မနေ့ကတရက်ထဲမှာပဲ BWM နဲ့ မဟာမိတ်တွေဟာ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံး (၉)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်တပ်အရာရှိတွေ ထိခိုက်တာတွေရှိတယ်လို့ သိရပေမယ့် နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
