စက်တင်ဘာလ (၃)ရက်။
ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ကြားတာတော့ လူမျိုးရေးအကြောင်းပြ သီးသန့်ခွဲထွက်ပြီး တပ်ဖွဲ့ထောင်တာနဲ့ အမိန့်မနာခံလို့ဆိုပြီး HPDF(124)က ခေါင်းဆောင် စိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ကျော်ကို NUG တပ်ရင်းတွေက ဝင်ဖမ်းတာလို့ ပြောတယ်။ အသေးစိတ်တော့ သေချာမသိရသေးဘူး” လို့ ဆိုပါတယ်။
ဟုမ္မလင်း-PDF(HPDF-124)က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ခန့်ကို လူမျိုးရေးအကြောင်းပြုပြီး ရှမ်းနီ-PDF တည်ထောင်ဖို့ ကြိုးစားတာကြောင့်ဆိုကာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလို ကိုစိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ခန့်ကို NUG လက်အောက်ခံ အမှတ်(၁)စစ်ဒေသရဲ့ ညွှန်ကြားချက်နဲ့ ဩဂုတ်လ (၂၇)ရက်နေ့က မြို့နယ်ပကဖနဲ့ ပလဖအပါအဝင် ခရိုင်တပ်ရင်းတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး ကိုစိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးသလို သက်ဆိုင်ရာတပ်ဖွဲ့ဘက်ကလဲ ပြောဆိုထားတာမရှိသေးပါဘူး။
ဒါ့အပြင် HPDF-124 ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ခန္တီးခရိုင်တပ်ရင်း(၃)က ထွက်ပြေးတိမ်းရှောင်နေတဲ့ တပ်ပြေးနဲ့ ခွင့်လွန် ရဲဘော်တွေအားလုံး သိစေဖို့ဆိုပြီး သတိပေးထုတ်ပြန်စာကို မနေ့က ဖော်ပြထားပါတယ်။
အဲ့ဒီတပ်ပြေးနဲ့ ခွင့်လွန် ရဲဘော်တွေအနေနဲ့ သတိပေးစာထုတ်ပြန်တဲ့နေ့ကစပြီး စက်တင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထားကာ တပ်ရင်းကို လာရောက်သတင်းပို့ဖို့ အသိပေးထားပါတယ်။
သတ်မှတ်ရက်ထဲ လာရောက်သတင်းမပို့ရင် ဖမ်းဝရမ်းထုတ်ကာ တပ်ပြေးဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
