စက်တင်ဘာလ (၅)ရက်။
စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက်ဆိုကာ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။
“ ကျွန်တော့မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၀)ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကို ကြားသိရတယ်” လို့ ကိုထိန်းလင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အခုအခါ အသက် (၈၀)အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် နှလုံးအထူးကုဆရာဝန်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီလို ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုထားပေမယ့် ဘယ်နေရာမှာ ထိန်းသိမ်းခံထားရတယ်ဆိုတာနဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် ပြည့်ပြည့်ဝဝ ရမရကို မသိနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
ဒါဟာ အင်မတန် လူမဆန်ရက်စက်လွန်းပြီး လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အခုတောင်းဆိုတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့အချိန်ကစပြီး ဖမ်းဆီးခံထားရကာ စစ်တပ်က ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာနဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်တာမရှိပါဘူး။
အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ထောင်ဒဏ် (၂၇)နှစ်အထိ ချမှတ်ထားပြီး မိသားစုနဲ့ တွေ့ဆုံခွင့်ကိုလဲ ကန့်သတ်ပိတ်ပင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
