နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်က ဓားစာခံညှိနှိုင်းမှုများ သဘောတူပြီးနောက် အစ္စရေးကို ဂါဇာဗုံးကြဲခြင်း ရပ်တန့်ရန် ထရန့်ပ် တောင်းဆို

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၄ရက်

ဟားမတ်စ်က သမ္မတ ဒေါ်နယ်လ် ထရန့်ပ်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ညှိနှိုင်းမှုများသို့ “ချက်ချင်း” ဝင်ရောက်ရန် သဘောတူကြောင်း ကြေညာခဲ့သည်။ ၎င်းသည် လပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်နိုင်ခြင်းမရှိသော စစ်ပွဲအတွက် ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသော တိုးတက်မှု တစ်ရပ်ဖြစ်သည်။

သို့သော် ဟားမတ်စ်သည် ထရန့်ပ်၏ အဆိုပြုချက်ကို ချွတ်ယွင်းချက်မရှိ လက်ခံခြင်း မဟုတ်ပေ။ စစ်သွေးကြွအဖွဲ့က ဓားစာခံလဲလှယ်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက် များကို ဆွေးနွေးရန် ကြားခံလူများမှတစ်ဆင့် ညှိနှိုင်းမှုများသို့ ချက်ချင်းဝင်ရောက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာအုပ်ချုပ်ရေးကို “ပါလက်စတိုင်း အမျိုးသားသဘောတူညီချက်အပေါ် အခြေခံပြီး အာရပ်နှင့် အစ္စလာမ်အဖွဲ့များ၏ ထောက်ခံအားပေးမှုအပေါ် မှီခိုသည့် လွတ်လပ်သော (နည်းပညာရှင်) ပါလက်စတိုင်း အာဏာပိုင်အဖွဲ့” ထံ လွှဲပြောင်းပေးရန် အသင့်ရှိကြောင်းလည်း ဆိုခဲ့သည်။

ကြားခံလူများမှတစ်ဆင့် အမေရိကန်သို့ ပေးပို့ခဲ့သည့် ထရန့်ပ်အဆိုပြုချက်အပေါ် ဟားမတ်စ်၏ တုံ့ပြန်ချက်ကို CNN မှ ရရှိခဲ့ခြင်းဖြစ်သည်။

သောကြာနေ့ အစောပိုင်းက ဟားမတ်စ်အား တနင်္ဂနွေညနေ နောက်ဆုံးထား တုံ့ပြန်ရန် အမိန့်ထုတ်ခဲ့သော ထရန့်ပ်သည် ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ယခုကြေညာချက် အပေါ် အပြုသဘောဖြင့် တုံ့ပြန်ခဲ့ပြီး ဟားမတ်စ်သည် “ရေရှည် ငြိမ်းချမ်းရေးအတွက် အသင့်ရှိနေပြီ” ဟု ယုံကြည်ကြောင်း ရေးသားခဲ့သည်။ ထို့အပြင် ဓားစာခံများကို ကယ်ထုတ်ရန် အတွက် ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်ရန် အစ္စရေးကို တောင်းဆိုခဲ့သည်။

“ဓားစာခံတွေကို လုံခြုံစွာနဲ့ အမြန်ဆုံး ထုတ်ယူနိုင်ဖို့အတွက် အစ္စရေးက ဂါဇာကို ဗုံးကြဲတာ ချက်ချင်းရပ်ရမယ်! အခုချိန်မှာ အဲဒါကို လုပ်ဖို့က အရမ်းအန္တရာယ်များနေတယ်။ ကျွန်တော်တို့ဟာ အသေးစိတ် ဆွေးနွေးရမယ့်ကိစ္စတွေအတွက် စတင်ဆွေးနွေးနေပါပြီ” ဟု ထရန့်ပ်က ထပ်လောင်းပြောကြားခဲ့သည်။

နောက်ပိုင်းတွင် Truth Social တွင် တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် သမ္မတက ယင်းဖြစ်ရပ်ကို “ကြီးမားသောနေ့” ဟု ခေါ်ဆိုခဲ့သော်လည်း “အရာအားလုံး ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ အပြီးသတ် စကားလုံးကို သေချာချမှတ်ရမယ်” ဟု သတိပေးခဲ့သည်။

၇၂ နာရီအတွင်း ကျန်ရှိနေသည့် ဓားစာခံ ၄၈ ဦးကို ပြန်လွှတ်ပေးရန်နှင့် ဂါဇာတွင် အာဏာ စွန့်လွှတ်ရန် သဘောတူညီချက်သည် ထရန့်ပ်အဆိုပြုချက်၏ အဓိကတောင်းဆိုချက် နှစ်ခု ဖြစ်သော်လည်း ၎င်းတို့သည် ဟားမတ်စ်က အစီအစဉ်ကို ငြင်းပယ်စေမည့် အဓိက သတ်မှတ်ချက်များ ဖြစ်သည်ဟု ရှုမြင်ခံခဲ့ရသည်။

ဟားမတ်စ်က ဤအခြေအနေနှစ်ရပ်ကို သဘောတူညီကြောင်း ပြောကြားခြင်းသည် အထူးသဖြင့် စစ်ပွဲအဆုံးသတ်ရေးအတွက် တောင်းဆိုမှုများ တိုးပွားလာနေချိန်တွင် နိုင်ငံတကာ၏ ထောက်ခံမှုရှိသော အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အတွက် ရှေ့ဆက်သွားနိုင်မည့် လမ်းကြောင်းကို ပေးသည်။ သို့သော် ကာတာ၊ အီဂျစ်နှင့် တူရကီတို့က ဟားမတ်စ်အား အဆိုပြုချက်ကို လက်ခံရန် ဖိအားပေးနေသော်လည်း အပြီးသတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန်မှာ မသေချာသေးပေ။

ဟားမတ်စ်၏ တုံ့ပြန်ချက်တွင် ထရန့်ပ်အဆိုပြုချက်၏ အခြားအရေးပါသည့် အစိတ်အပိုင်းဖြစ်သော လက်နက်ဖြုတ်သိမ်းခြင်း သို့မဟုတ် စစ်လက်နက်ပစ္စည်းများကို ဖျက်သိမ်းခြင်း တို့ကို ထည့်သွင်းပြောကြားထားခြင်းမရှိဘဲ ဟားမတ်စ်က ၎င်းကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည်။ ထို့ပြင် ဟားမတ်စ်၏ တုံ့ပြန်ချက်တွင် ဂါဇာအုပ်ချုပ်ရေးကို ကြီးကြပ်ရန်အတွက် ထရန့်ပ်ဦးဆောင်သည့် “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဟု သူအမည်ပေး ထားသော နိုင်ငံတကာ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းခြင်းကိုလည်း ပြောဆိုထားခြင်း မရှိပေ။

ယင်းအစား ဟားမတ်စ်က အမေရိကန်အဆိုပြုချက်တွင် ဖော်ပြထားသည့် “ဂါဇာကမ်းမြောင်ဒေသ၏ အနာဂတ်နှင့် ပါလက်စတိုင်းပြည်သူများ၏ မွေးရာပါ အခွင့်အရေးများ” နှင့် သက်ဆိုင်သော ကျန်ရှိသည့် ကိစ္စရပ်များကို အနာဂတ်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့သည်။ ဟားမတ်စ်သည် “ပြည့်စုံသော အမျိုးသား ပါလက်စတိုင်း မူဘောင်” တွင် “အပြည့်အဝ တာဝန်ယူမှုဖြင့် ပါဝင်ပြီး အထောက်အကူပြုမည်” ဟုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

 ထိုထုတ်ပြန်ချက်သည် ထရန့်ပ်၏ အဆိုပြုချက်က ဟားမတ်စ်နှင့် အခြားသော စစ်သွေးကြွအဖွဲ့များသည် ပျက်စီးနေသော နယ်မြေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ” အုပ်ချုပ်ရာတွင် မည်သည့်အခန်းကဏ္ဍမှ မပါဝင်ရဟူသည့် တောင်းဆိုချက်ကို ဆန့်ကျင်နေသည်။

နောက်ခံအချက်အလက်နှင့် ဆက်စပ်တုံ့ပြန်မှုများ

ထရန့်ပ်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့်အတူ အိမ်ဖြူတော်တွင် ထုတ်ဖော်ခဲ့သည့် အချက် ၂၀ ပါ အစီအစဉ်အပေါ် တုံ့ပြန်မှုကို တနင်္လာနေ့မှစ၍ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ နေတန်ယာဟုသည် ပူးတွဲပါဝင်သည့်အခမ်းအနားတွင် မူဘောင်ကို သဘောတူကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့ အစောပိုင်းက ထရန့်ပ်သည် အကယ်၍ အကြမ်းဖက်အဖွဲ့က တနင်္ဂနွေနေ့ ညနေ ၆ နာရီ (အမေရိကန် အရှေ့ပိုင်းစံတော်ချိန်) မတိုင်မီ အဆိုပြုချက်ကို သဘောမတူပါက ဘယ်သူမှ မမြင်ဖူးသေးတဲ့ အကြီးအကျယ် ငရဲကျလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ကြားခံလူများသည် အစ္စရေးနှင့် ဟားမတ်စ်အကြား ယင်းမျှ တိုတောင်းသော အချိန်ဇယားအတွင်း သဘောတူညီချက်ရရှိရန် မဖြစ်နိုင်သော်လည်း ၎င်းတို့သည် အဆိုပြုချက်ရှိ အဓိကကွာဟချက်များကို ပေါင်းကူးနိုင်ရန် လိုအပ်သည့် ညှိနှိုင်းမှုများကို စတင်နိုင်ဖွယ်ရှိသည်။

အီဂျစ်၊ ဂါဇာရှိ အစ္စရေးစစ်ပွဲနှင့် ပတ်သက်သည့် ညှိနှိုင်းမှုများတွင် ပါဝင်သည့် ကြားခံလူတစ်ဦးအနေဖြင့် ဟားမတ်စ်၏ တုံ့ပြန်မှုကို အပြုသဘောဆောင်သော တိုးတက်မှု” ဟု ခေါ်ဆိုခဲ့သည်။

“အီဂျစ်က ဤအပြုသဘောဆောင်သော တိုးတက်မှုက ပါတီအားလုံးကို သမ္မတထရန့်ပ်၏ အစီအစဉ်ကို လက်တွေ့တွင် အကောင်အထည်ဖော်ပြီး စစ်ပွဲကို အဆုံးသတ်ရန်အတွက် တာဝန်ယူမှုအဆင့်သို့ မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားကြားခံလူဖြစ်သော ကာတာကလည်း ဟားမတ်စ်၏ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး “စစ်ပွဲအဆုံးသတ်ရေးကို သေချာစေရန် အစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများကို အပြီးသတ်နိုင်ရန်” အီဂျစ်နှင့် အမေရိကန်တို့နှင့်အတူ လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းပြောကြားခဲ့သည်။

ဟားမတ်စ်၏ တုံ့ပြန်မှုအပြီးတွင် အစ္စရေးအတိုက်အခံခေါင်းဆောင် ယာအာ လာပစ်က ကျန်ရှိသော ဓားစာခံများကို လွှတ်ပေးရန်နှင့် စစ်ပွဲကို အဆုံးသတ်ရန်အတွက် မကြုံစဖူး အခွင့်အရေး” တစ်ရပ် ရှိနေကြောင်း ပြောကြားခဲ့သည်။

သူ၏ X (ယခင် Twitter) ပေါ်မှ ထုတ်ပြန်ချက်တွင် အစ္စရေးအစိုးရအား အချက် ၂၀ ပါ အဆိုပြုချက်ကို အပြီးသတ်ရန် ဆွေးနွေးပွဲများတွင် ပါဝင်မည်ဖြစ်ကြောင်း ကြေညာရန် တောင်းဆိုခဲ့ပြီး နေတန်ယာဟုတွင် သဘောတူညီချက်ရရှိရန်အတွက် နိုင်ငံရေးအရ ထောက်ခံမှုရှိကြောင်း ထရန့်ပ်အစိုးရအဖွဲ့အား အသိပေးခဲ့သည်ဟု ဆိုသည်။

လာပစ်သည် ဓားစာခံသဘောတူညီချက်ကို ထောက်ခံရန်အတွက် နေတန်ယာဟုအား နိုင်ငံရေးအရ အကာအကွယ်ပေးရန် သူ၏ ဆန္ဒကို အကြိမ်ကြိမ်ဖော်ပြခဲ့သော်လည်း နေတန်ယာဟုနှင့် ထိုသို့သော သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များသည် အမှန်တကယ် မည်သို့ဖြစ်မည်ကို အသေးစိတ်ပြောကြားခြင်းကို ရှောင်ရှားခဲ့သည်။

ထရန့်ပ်၏ အချက် ၂၀ ပါ အဆိုပြုချက်

ထရန့်ပ်၏ အဆိုပြုချက်အရ ဟားမတ်စ်၏ မြေပြင်နှင့် မြေအောက်ရှိ အခြေခံအဆောက်အအုံများအားလုံးကို လွတ်လပ်သော စောင့်ကြည့်သူများ၏ ကြီးကြပ်မှုဖြင့် ဖျက်ဆီးရမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်မည် မဟုတ်” ဟု ဖော်ပြထားသည်။

အဆိုပါအစီအစဉ်သည် အစ္စရေးအား တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသော ပါလက်စတိုင်း အကျဉ်းသား ၂၅၀ ဦးအပြင် စစ်ပွဲစတင်ချိန်မှစ၍ ဖမ်းဆီးထားသော ပါလက်စတိုင်း ၁,၇၀၀ ကို လွှတ်ပေးရန်နှင့် လဲလှယ်သည့်အနေဖြင့် ဟားမတ်စ်က ဓားစာခံ ၄၈ ဦးကို လွှတ်ပေးရန် တောင်းဆိုထားသည်။ ၎င်းတို့အနက် ၂၀ ဦးမှာ အသက်ရှင်လျက် ရှိသည်ဟု ယူဆရသည်။ ဟားမတ်စ်အဖွဲ့ဝင်များသည် ၎င်းတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ကတိပြုပြီး လက်နက်များကို ဖျက်သိမ်းပါက” နောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိနိုင်သည်။

အဆိုပါအစီအစဉ်အရ ပျက်စီးကြေမွနေသော နယ်မြေ၏ လုံခြုံရေးကို အာရပ်မိတ်ဖက်များ ဦးဆောင်သော ယာယီ နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) က လွှဲယူလိုက်သည်နှင့်အမျှ အစ္စရေးသည် ဂါဇာမှ တဖြည်းဖြည်း ဆုတ်ခွာသွားမည်ဖြစ်သည်။ ထိုအချိန်တွင် “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဟုခေါ်သော နိုင်ငံတကာအဖွဲ့အစည်းမှ ကြီးကြပ်သည့် ပါလက်စတိုင်းကော်မတီတစ်ခုက ပြန်လည်ဖွဲ့စည်းထားသော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အသင့်ဖြစ်သည်အထိ ဂါဇာကို အုပ်ချုပ်မည်ဖြစ်သည်။ အဆိုပြုချက်သည် ပါလက်စတိုင်း နိုင်ငံတော်အတွက် ဆန္ဒကို အသိအမှတ်ပြုပြီး ပါလက်စတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံတည်ထောင်ခွင့်အတွက် ယုံကြည်စိတ်ချရသော လမ်းကြောင်း” ကို တင်ပြရန် ကြိုးပမ်းသည်။

ထရန့်ပ်သည် ကြေညာပြီးနောက် တစ်ရက်အကြာတွင် ဟားမတ်စ်အား တုံ့ပြန်ရန် သုံးရက် သို့မဟုတ် လေးရက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟားမတ်စ်သည် အဆိုပါအစီအစဉ်ကို ဆွေးနွေးရန်အတွက် ကာတာနှင့် အီဂျစ်မှ ဒေသတွင်း ကြားခံလူများနှင့် ဆွေးနွေးနေခဲ့သည်။ ထရန့်ပ်သည် ဆွေးနွေးမှုများ၏ နောက်ဆုံးအခြေအနေကို သိရှိရန် သီတင်းပတ်အလယ်တွင် ကာတာစော်ဘွားနှင့် စကားပြောခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းက ဒေသတွင်း မိတ်ဖက်များက အခက်အခဲများရှိကြောင်း အကြံပေးခဲ့သည့် အမေရိကန်အရာရှိများ၏ အဆိုအရ ဂါဇာရှိ ဟားမတ်စ်၏ စစ်ဘက် ခေါင်းဆောင်များနှင့် ဆက်သွယ်ရေးပြဿနာများသည် တရားဝင်တုံ့ပြန်မှုရရှိရန် ရှုပ်ထွေးစေခဲ့ကြောင်း သိရသည်။

ပြတ်တောင်းပြတ်တောင်း ဆက်သွယ်မှုများနှင့် အစီအစဉ်၏ အစိတ်အပိုင်းများအပေါ် ဟားမတ်စ်ခေါင်းဆောင်ပိုင်းအကြား သဘောထားကွဲလွဲမှုများက အဖွဲ့၏ တုံ့ပြန်မှုကို ကြာမြင့်စေခဲ့နိုင်ကြောင်း ပြောကြားခဲ့သည်။

ယခင်က အပစ်အခတ်ရပ်စဲရေးကို အာမခံရန် ကြိုးပမ်းမှုများတွင် ကာတာအခြေစိုက် ဟားမတ်စ်၏ နိုင်ငံရေးဆိုင်ရာ အဖွဲ့နှင့် ဂါဇာရှိ ၎င်း၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ အကြား ဆက်သွယ်မှုများ ရပ်တန့်သွားခဲ့ဘူးသည်။

ပါလက်စတိုင်းများက ဘာပြောနေကြလဲ

ထိုသတင်းအပေါ် ပါလက်စတိုင်းများသည် တုံ့ပြန်မှု အမျိုးမျိုး ရှိခဲ့ကြသည်။ အချို့က ပဋိပက္ခ အဆုံးသတ်ရန် မျှော်လင့်နေကြသော်လည်း အချို့ကမူ အစီအစဉ်အပေါ် သံသယနှင့် မယုံကြည်မှုကို ဖော်ပြကြသည်။

ဂါဇာဒေသခံ အာတာ အယ်လ် ဂျက်ဇာ (Atta Al Jazzar) က “လူတွေက မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြတယ်။… ဒီအစီအစဉ်က တိုးတက်မှုတစ်ခုအတွက် အခွင့်အရေးပေးနိုင် ပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့က ထရန့်ပ် ဒါမှမဟုတ် နေတန်ယာဟုကို မယုံဘူး” ဟု ပြောကြားခဲ့သည်။

“ကျွန်တော် ဒီအစီအစဉ်ကို မထောက်ခံပါဘူး၊ ဒါပေမဲ့ အခြားရွေးချယ်စရာ မရှိဘူး။ တခြားရွေးချယ်စရာက ပါလက်စတိုင်းလူမျိုးတွေ ဖျက်ဆီးခံရပြီး နေရာရွှေ့ပြောင်းခံရတာပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မြောက်ပိုင်းဂါဇာမှ အခြားဒေသခံတစ်ဦးဖြစ်သူ မိုဟာမက် မန်ဆူးရ် (Mohamed Mansour) က စစ်ပွဲကို အဆုံးသတ်မည့် မည်သည့်အစီအစဉ်ကိုမဆို ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

“လူတွေကို နေထိုင်ခွင့်ပေးပါ။… ကျွန်တော်တို့ ပင်ပန်းနေပါပြီ။ စစ်ပွဲက မနက်ဖြန်မဟုတ်ဘဲ ဒီနေ့ ပဲအဆုံးသတ်စေချင်တယ်” ဟု စစ်ပွဲတွင် ဇနီးနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့် မန်ဆူးရ်က ပြောကြားခဲ့သည်။

ဂါဇာမှ အခြားပါလက်စတိုင်းဒေသခံတစ်ဦးဖြစ်သူ ရဲအဒ် ဆိုးဘ် (Raed Sobh) ကမူ ထရန့်ပ်အပေါ် မယုံကြည်မှုကို ဖော်ပြရင်း အစီအစဉ်အပေါ် အကောင်းမမြင်ကြောင်း ပြောကြားခဲ့သည်။

ထရန့်ပ် (သမ္မတမဖြစ်ခင်ကတောင်) ‘စစ်ပွဲတွေကို ရပ်မယ်… အရှေ့အလယ်ပိုင်းကို ငြိမ်းချမ်းရေး ယူဆောင်လာမယ်’ လို့ ပြောခဲ့ပြီး ဘာမှ မဖြစ်ခဲ့ဘူး။ သူ ဒီမှာ တစ်နှစ်ရှိပြီ။ ဘာမှ မပြောင်းလဲဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 34 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်၏ ယူကရိန်းအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်တွင် မြေယာစွန့်လွှတ်မှုနှင့် စစ်ရေးလျှော့ချရေးတို့ လိုအပ်မည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 29 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၁ရက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အစိုးရအဖွဲ့သစ်ဖြစ်လာမည့် ထရမ့်၏ စီမံချက်အရ ကိ့ဗ် (Kyiv) အနေဖြင့် ရုရှားကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ လက်ရှိ အခြေအနေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 37 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အခုလက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ပွဲက ဆက်လက် ပြင်းထန်နေဆဲပါ။ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတိုက်ပွဲနေရာတွေမှာ အဓိက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး၊
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 34 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဖိုင်များ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ရန် ညွှန်ကြားသည့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင်
ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 41 Views
+++++++++++++++++++++ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ ++++++++++++++++++ သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းလာကို လွှတ်တော်တွင်း ဖြေကြားရာ၌ တရုတ်က တိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု
ဂျပန် တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်-ဂျပန် အဆင့်မြင့်အရာရှိဆွေးနွေးပွဲမှာ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် စကားပြောနေသည့်ပုံစံကြောင့် လူမှုကွန်ရက်တွင် ကန့်ကွက်မှုများဖြစ်ပေါ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 47 Views
နိုဝင်ဘာလ (၁၉) ရက်။ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအေ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဖြေကြားချက်အပြီး ကျင်းပခဲ့သော ၁၈ ရက်နေ့ ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်၊ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို
United Nations နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာသို့ နိုင်ငံခြား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ကုလသမဂ္ဂ ဆွေးနွေးပွဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 47 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် ဂါဇာ၏ အနာဂတ်နှင့် ပတ်သက်သော အမေရိကန်ဦးဆောင်ရေးဆွဲသည့် ဆုံးဖြတ်ချက် ကို မကြာသေးမီက အတည်ပြုခဲ့ပြီး ယင်းတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization
နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အာကာသလက်နက်ပြိုင်ပွဲ ရပ်ဆိုင်းရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 53 Views
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် အပြင်ဘက် အာကာသတွင် လက်နက်ပြိုင်ပွဲ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အောင်မြင်စွာအတည်ပြု ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အဖွဲ့ဝင်နိုင်ငံများအားလုံးကို နိုင်ငံတကာ အာကာသ ဆိုင်ရာ စာချုပ်များကို