ဒီဇင်ဘာလ (၁၇)ရက်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို တူညီဆန္ဒနဲ့ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီအစီရင်ခံစာမှာ ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုအပေါ် ကိုယ်စားလှယ်တင်သွင်းမှု (၂)မျိုး လက်ခံရရှိထားတာကြောင့် စဉ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားမယ်ဆိုတဲ့အဆိုကို အတည်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ သူဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ အရင်နှစ်တွေအတိုင်း ကုလညီလာခံထဲ ကျင်းပသွားမယ့် အစည်းအဝေးတွေကို ဆက်လက် ပါဝင်တက်ရောက် ဆွေးနွေးနေတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကုလသမဂ္ဂကနေ နိုင်ငံတကာကို အသိပေးတင်ပြပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို အရေးယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ (၇၉)ကြိမ်မြောက် ကုလညီလာခံထဲ မျက်နှာစုံညီအစည်းအဝေးတွေ၊ ပင်မကော်မတီအစည်းအဝေးတွေ၊ လုံခြုံရေးကောင်စီ၊ စီးပွားရေးနဲ့ လူမှုရေးကောင်စီ၊ အခြားအဆင့်မြင့် အစည်းအဝေးတွေနဲ့ ကုလအေဂျင်စီတွေရဲ့ ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ မိန့်ခွန်းပေါင်း (၇၆)ခု ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ Main Part of the Session မှာ ဒီကနေ့အထိ ပင်မကော်မတီတွေမှာ (၄၂)ကြိမ်၊ မျက်နှာစုံညီအစည်းအဝေးတွေမှာ (၄)ကြိမ်နဲ့ အခြားအဆင့်မြင့်အစည်းအဝေးတွေမှာ (၂)ကြိမ် စုစုပေါင်း မိန့်ခွန်း (၄၈)ခု ပြောကြားခဲ့တယ်လို့လဲ သိရပါတယ်။







